ဗုဒ္ဓဘာသာဝင်တွေနဲ့ အမြဲတစေအကျွမ်းတ၀င် ရင်းနှီးပြီးသားဝေါဟာရတစ်ခုကတော့ မေတ္တာပို့တယ် - ဆိုတဲ့စကားပါပဲ။ မေတ္တာပို့တယ်ဆိုတာ
(၁) အဝေရာ ဟောန္တု
(၂) အဗျာပဇ္ဇာ ဟောန္တု
(၃) အနီဃာ ဟောန္တု
(၄)သုခိ အတ္တာနံ ပရိဟရန္တု - ဆိုတဲ့ အာသီသမန္တာန်ကြီး (၄)ချက်ဖြင့် ထိထိခိုက်ခိုက် မန်းမှုတ်ပြီးမေတ္တာညှို့ဓာတ်ဖြင့်၊ သမာဓိအုပ်စိုးတဲ့စိတ် ဖြင့် သတ္တ၀ါတို့ကို အာရုံပြုကာ အဖန်ဖန်ဖြစ်ပွားစေမှု ကို ဆိုလိုတာပါ။ အဓိပ္ပါယ်နောက်တစ်မျိုးကတော့ မိမိ၏မေတ္တာနာမ်ကို သတ္တ၀ါတို့အပေါ်၌ ထိခိုက် အောင်စေလွှတ်ပြီး မေတ္တာမန္တာန်ကြီး (၄)ချက်နဲ့ ညှို့ခြင်းကို မေတ္တာပို့တယ်လို့ ဆိုလိုတယ်။ အာရုံ ဖြစ်တဲ့သတ္တ၀ါတို့အပေါ်သို့ရောက်အောင် မိမိမေတ္တာ ကို ပို့ထားခြင်းကိုလည်း ဆိုနိုင်တယ်။
တကယ်အစစ် မေတ္တာပို့မှု ဆိုတာမလာက် ပါဘူး။ ညှို့ဓာတ်သဘောသို့ ရောက်အောင် ထက်သန် တဲ့မေတ္တာဓာတ်ကိုဖြစ်စေနိုင်ပါမှ တကယ်စစ်စစ်မေတ္တာပို့နည်းအမှန်ဖြစ်နိုင်တာပါ။ သတ္တ၀ါတည်းဟူသော အာရုံအပေါ်သို့ မေတ္တာကိုထိထိခိုက်ခိုက်
မန်းမှုတ်ခြင်းသည်ပင် အဓိကဖြစ်ပါတယ်။
အခုတလော မိတ်ဆွေအချင်းချင်း တွေ့ဆုံကြတဲ့အခါ ]] ကျုပ်-အမြဲတန်းမေတ္တာပို့နေပါတယ် }}ဆိုတဲ့စကားကို ပြောကြားလေ့ရှိကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စာပေးစာယူလုပ်ကြတဲ့အခါမှာလည်းနေ့စဉ်မေတ္တာပို့သနေပါတယ် စသည်အားဖြင့် ရေးသားလေ့ရှိကြတယ်။သည်လိုမေတ္တာပို့နည်းတွေကတော့လူ့ယဉ်ကျေးမှုဓမ္မတာအတိုင်း ပြောဆိုရေးသားကြတဲ့အတွက် လောကွက်မေတ္တာတွေသာဖြစ်တယ်။ သည်လိုလောကွက်မေတ္တာပြုလုပ် ကြတာကိုလည်း အပြစ်မဆိုထိုက်ပါဘူး။ ပြောပြရေးကြမြဲဖြစ်တဲ့ ဓလေ့ဓမ္မတာကိုလူတို့၏ ၀တ္တရားအတိုင်း ပြုကြမြဲဖြစ်တယ်။
အဲဒီအပြင် ဘုရားရှိခိုးပြီးတိုင်းလည်း သဗ္ဗေသတ္တာ သဗ္ဗေပါဏာအစချီတဲ့ မေတ္တာပို့လက်ရိုးကြီးကိုရွက်ဆိုကာ မေတ္တာပို့လေ့ရှိကြတယ်။ သည်လိုမေတ္တာပို့နည်းကတော့ တကယ့်မေတ္တာဘာဝနာ အစစ်ကြီး မဟုတ်သော်လည်း သူတော်ကောင်းတို့၏ အစဉ်အလာ၊ စရိုက်၊ ၀ါသနာကို အတုယူတဲ့အလေ့အကျင့်ကောင်းဖြစ်လို့ချီးမွမ်းထိုက်ပါပေတယ်။ နှုတ်ဖြင့်ရွက်ဆိုကာ မေတ္တာရွတ်ဆိုကာ မေတ္တာပို့ကြတဲ့အတွက်ဝဇီကံမေတ္တာရယ်လို့ဆိုရမယ်။ ဆိုသင့်တယ်။
ဒီနေရာမှာ - လောကွတ်မေတ္တာ၊ ၀စီကံမေတ္တာနဲ့စပ်လျဉ်းပြီးတော့ ကျေးဇူးရှင်လယ်တီ ဆရာတော်ကြီး မိန့်ကြားခဲ့တဲ့ ၀တ္တုလေးတစ်ပုဒ်ပြောပြချင်တယ်။
တစ်နေ့သောအခါ ဆရာတော်ကြီးရဲ့တပည့် အရင်းဖြစ်တဲ့ အဘိဓမ္မာဆရာကြီး ]] ဦးတောက်}}က ဆရာတော်ထံချဉ်းကပ်ပြီး -
]]တပည့်တော် မေတ္တာကမ္မဌာန်းကို စီးဖြန်း ပွားများနေပါတယ်ဘုရား }}လို့ လျှောက်ထားတယ်။
]] သာဓုကွယ်၊ တော်ပါပေရဲ့၊
မေတ္တာကမ္မဌာန်းဆိုတာ မိမိအကျိုး သူတစ်ပါး အကျိုးကို ဆောင်ရွက်တဲ့ ကမ္မဌာန်းမျိုးဖြစ်လို့ အထူး ကောင်းမြတ်ပါတယ်။ သို့ပါသော်လည်း မေတ္တာ ဘာသနာကို ပွားများတဲ့အခါ ထိထိခိုက်ခိုက် စူးစူး စိုက်စိုက်ပွားများရတယ်။ ပေါ့ပေါ့တန်တန်ဝစီကံလေးနဲ့ ၀တ္တရား ကျေပွန်ရုံ ပွားများရတာမျိုး မဟုတ်ဘူး။ မနောကံအလုပ်မျိုးဖြစ်တဲ့အတွက်ကြောင့် အတွင်းစိတ် ပါပါ တကယ်စိတ်စေတနာနဲ့ ပွားများရတယ်။ ရွှေယင်းမာရွာ သင်္ကြန်အခါ အစဉ်အလာမပျက်အောင် ရေပက်သလိုပုံစံမျိုးတော့ မပွားများနဲ့ကွဲ့။ ရှေးအခါက ရွှေယင်းမာရွာဟာအလွန်တရာရေရှားတယ်။ နွေအခါ ဆိုရင်တော့ ရေအရမ်းရှားတာပေါ့။ သင်္ကြန်ရောက် တော့ မြန်မာလူမျိုး ဓမ္မတာရေပတ်လေ့ရှိကြတဲ့အတိုင်း ရွှေယင်းမာရွာမှာလည်း ရေပတ်ကြတာပေါ့။ သင်္ကြန်က လဲနွေရာသီဆိုတော့ ရေ-ဖောဖောသီသီ မပက်နိုင်ကြ ရှာဘူး။ ဒီတော့ ထုံးစံလည်းမပျက်ရအောင် ပန်းကန်လုံးလေးထဲမှာရေထည့်ပြီး ဂွမ်းပေါက်နဲ့ရေကို တို့တို့ပြီး၊ ရောက်လာတဲ့လူများကို ]] ရွှဲရော့လဟယ် }}ဆိုပြီး ရေဂွမ်းပေါက်နဲ့ဆွတ်ဆွတ်ပေးကြရှာသတဲ့။ သူတို့နှုတ်ကဆိုတဲ့အတိုင်း ရွှဲဖို့နေနေသာသာ၊ အေးတောင်မအေးဘူး။ ရေပက်လိုက်ကြတာ အရမ်းပျော်စရာကောင်းတာပဲလို့ ပြောကြရှာသတဲ့။ သူတို့ရွာ စရိုက်နဲ့ သူတို့သင်္ကြန်ပွဲကို သူတို့ထင်မြင်ချက်အတိုင်း ကျေနပ်နေကြတာပေါ့လေ။ ရွှေယင်းမာရွာမှာ ရွှဲလဲမရွှဲဘဲနဲ့ ]]ရွှဲရော့လဟယ်}}လို့ပြောဆိုကာ ရေပက်ကြသလိုမျိုး - ထိထိရောက်ရောက်စိတ်ပါပါနှင့် မပွားများနိုင်ဘဲ၊ ၀တ္တရားကျေရုံ၊နှုတ်ဖြင့်ရွက်ဆိုကာပွားများတဲ့ မေတ္တာပို့နည်းမျိုး မဖြစ်ရလေအောင် သတိထားရမယ်။ အဲဒီဝတ္တုစာလေးဟာမေတ္တာပွားများရေးကိစ္စမှာ လွန်စွာမှတ်သားဖို့ကောင်းတယ်။
0 comments
မေတ္တာပို့တယ်ဆိုတာ
Published on Sunday, November 25, 2012 in ဘာသာရေး ဆောင်းပါးများ
Related Posts
Labels:
ဘာသာရေး ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No Response to "မေတ္တာပို့တယ်ဆိုတာ"
Add Your Comment