၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ကန်တော့ပွဲနှင့် တောင်းစားနေသူများ

Published on Tuesday, November 27, 2012 in

 
                                                                              -က-
  
လူတော်တော်များများက ကိုယ့်နည်းကိုယ့်ဟန် နဲ့လုပ်စားနေကြတာကို ကျွန်တော် အထူး ပြောစရာ မလိုပါဘူး ဆရာဒဂုန်။ ကျွန်တောလည်းပဲ ကိုယ့်စတိုင် နဲ့ကိုယ် လုပ်စားနေတာပါပဲ။ အဲဒါ ဘာဖြစ်သလဲ ရှာဖွေစားသောက်ကြတဲ့ဥစ္စာ အထူးအဆန်းမှ မဟုတ် တဲ့ဥစ္စာမှန်တယ်နော်။ အဲတစ်ခုရှိတယ်။ ကိုယ့်ပုံသဏ္ဍာန်နဲ့ကိုယ် ရှာဖွေစားသောက်နေတဲ့နေရာမှာ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ဇစ်မြစ်တွေကို ကိုယ်ကိုယ်တိုင်ကော အကြောင်းရင်းကို သိရဲ့လား။ ယုံကြည်ပြီး လုပ်နေတာလား။ လူကြိုက်မယ့် ကိစ္စတွေကို သိုင်းဝိုင်းပြီး လုပ်နေသလားဆိုတာတော့ နဲနဲပါးပါး စဉ်းစားဖို့ကောင်းတယ်။
  
ကိုယ်လုပ်ပြနေတဲ့ အလုပ်ပေါ်မှာ ကိုယ်ကိုယ်တိုင် ကိုယ်ပြောသလောက် ယုံကြည်မှုမရှိရင် အဲဒီ အလုပ်ကို လုပ်ပြနေတာဟာရိုးသားပါရဲ့လားဆရာဒဂုန်။ခင်ဗျားက ဗေဒင်ဆရာနော်။ ဗေဒင်ဆရာက ဗေဒင်ဆရာအလုပ်လုပ်တာ ဘာပြောစရာလိုပါမလဲနော်။ အခုဟာက ကိုယ်နဲ့မပတ်သက်တဲ့ မဆိုင်တဲ့ ကိုယ့်ကိစ္စလဲ ဘာမှမဟုတ်တဲ့ ခင်ဗျားနားမှာ ကန်တော့ပွဲကြီး တကားကားနဲ့ ဘာတွေလျှောက် လုပ်နေတာလဲ။
  
ဘာလဲ။ ကန်တော့ပွဲကြီးထိုးမှ ငွေတွေရမယ်။ လက်ဆောင်တွေ ရမယ်ထင်လို့လား။ အခုဟာက ခင်ဗျားက ပရိသတ်ကို ကန်တော့ပွဲကြီးလက်အစားထိုးပြီး တောင်းစားနေတာကို ဘယ်လိုမှ ကြည့်လို့ရှုလို့ မကောင်းလို့ ပြောရတာ။ တခြားဆရာတွေကိုတော့ အားနာပါရဲ့ဗျာ။ တကယ်ပဲ တလေးတစား ယုံကြည်ပြီးလုပ်နေတဲ့သူတွေကို ပြောစရာမလိုပါဘူး။ အကြား အမြင် ၊ နတ် စသဖြင့်အပ၊ပယောဂတွေနဲ့ ရှာကြံစားသောက်နေရတဲ့ လူတွေကို ကျွန်တော်ဘက်က ပြောစရာမလိုပါဘူး။
  
ကန်တော့ပွဲကိုပဲ လက်ညှိုးထိုးထိုး၊ခေါင်းပေါ်ပဲ ရွက်ရွက် ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး။ မယ်တော်ပွဲ၊ ဘီလူးပွဲ ၊ ဘိုးတော်ပွဲ ၊ အောက်လမ်း အထက်လမ်းပွဲ တွေလုပ်ချင်တာလုပ်။ နတ်ကတော်တွေ နတ်ပွဲပေါင်းများစွာ ထိုးတယ်။ ဘာမှပြောစရာမလိုဘူး။ အဲ ဗေဒင်ဆရာလုပ်ရင်တော့ပြော ရမယ်။ ဗေဒင်ဆရာအလုပ်မှာ ကန်တော့ပွဲ မပါဘူး။ ဗေဒင်ဆရာနဲ့ ကန်တော့ပွဲနဲ့ ဘာမှမဆိုင်ဘူး။
  
 ဘိုးတော်တွေနဲ့ နတ်ကတော်တွေဆီက ကူးစက်လာတဲ့ ကန်တော့ပွဲတွေနဲ့ ဗေဒင်မေး ပရိသတ် ကိုဆွယ်တာ၊ မြှောက်ပေးတာ ၊ ချောက်တွန်းတာ ၊ ခြိမ်းခြောက်တာတွေကတော့ ခင်ဗျားဗေဒင်ဆရာ တွေ လုပ်စရာမဟုတ်ဘူးပေါ့ဗျာ။ မလုပ်သင့်ဘူးပေါ့။
  
ကိုယ်တိုင်လဲ ယုံကြည်တာမဟုတ်ဘူး။ ကိုယ့်အိမ်မှာလဲ အပြကောင်းရုံလောက် ပွဲတွေထိုးကြပြီး ဗေဒင်မေးသူတွေကိုတော့ ဘာပွဲ ၊ ညာပွဲဆိုပြီး ပေးချင်တဲ့နာမည်တွေပေးထားတဲ့ ကန်တော့ပွဲတွေကို ထိုးခိုင်း။ နည်းလမ်းအမျိုးမျိုးနဲ့ မြှောက်ပေးပြီး ခင်ဗျားတို့ကို အားကျတယ်ဗျာ။ ခင်ဗျားတို့ လားမယ့်ဘ၀  ကို စဉ်းစားမိရင်တောင်မှ ကြက်သီးဖြန်းဖြန်းထမိပါရဲ့။ တကယ်ပါ။

-ခ-
    ဗေဒင်ဆရာအလုပ်က စနစ်တကျတွက်ချက် ဝေဖန်ဆုံးဖြတ်ပေးရတဲ့အလုပ်။ အဲဒီမှာ နတ်လည်းမပါဘူး။ ဘိုးတော်လည်းမပါဘူး။ မယ်တော်လည်းမပါဘူး၊ ကန်တော့ပွဲလည်းမပါဘူး။ နတ်သားကိုးပါး ၊ ဘိုးတော် မယ်တော်အားကိုးပြီး ကန်တော့ပွဲရှေ့မှာ ထားပြီး ဗေဒင်ဆရာပဲခွက်ပဲ ဖြစ်မယ်။
  
ကိုယ်အရည်အချင်းကို ကိုယ်စိတ်မချလို့ကိုယ့်ကို ကူညီနိုင်မယ်လို့ထင်တဲ့နတ်တွေ၊ ဘိုးတော်တွေ ၊ မယ်တော်တွေကို လှူတာပါ။ ကုသိုလ်ပြုတာပါဆိုတဲ့ မျက်နှာဖုံးတွေနဲ့ လာဘ်ထိုးနေတာလား ဆရာဒဂုန်။
    စကတည်းက ဂိုဏ်းဆရာတွေ၊ ဘိုးတော်တွေ၊ နတ်ကတော်တွေက ကန်တော့ပွဲပြစားရရှာတာ။ ကျွန်တော်ကသူတို့ကို ဘာမှပြောစရာမလိုဘူး။ သူတို့ဟာသူတို့သူတို့နည်းနဲ့ လုပ်စားနေကြတာ။ ကျွန်တော်နဲ့လည်း မဆိုင်ဘူး။
  
 အဲဗေဒင်ဆရာက ဂိုဏ်းဆရာ စတိုင်လ်ဖမ်း၊ ဘိုးတော်တွေ၊ နတ်ကတော်တွေ ပုံဖမ်းပြီး လုပ်နေရင်တော့ ပြောရမှာပဲ။ ဒါကတော့ ကျွန်တော့်ကိုစိတ်ဆိုးရင်လည်း ဂရုမစိုက်ဘူး။ စကတည်းက ပြော ကျွန်တော် ဗေဒင်ဆရာမဟုတ်ဘူး၊ တွက်ချက်တာလည်း မဟုတ်ဘူး။ နတ်အားကိုးနဲ့ ဟောစားတာ။ နတ်ကတော့ ရတယ်။ ဘိုးတော်တွေ၊ ဘိုးဘိုးကြီးတွေကို အားကိုးပြီး လုပ်စားတော့ ရတယ်။
  
မယ်တော်အားကိုးပြီး ကြားတာ၊မြင်တာ ပြောနေတာကို ရတယ်။ ပွင့်ပွင့်လင်းလင်းပြောပေါ့။ ဘာဖြစ်သလဲ။ ကျွန်တော်နက္ခတ်ဗေဒင်ဆရာပါ။ ကျွန်တော် ဗေဒင်ပညာရှင်ပါဆိုပြီး ဆိုင်းဘုတ်တင်ထား ပြီးရင်တော့ ဗေဒင်လောကကို သစ္စာဖောက်တာမို့ ပြောကိုပြောရမယ်။
  
အခု ခင်ဗျားတို့ဗျာ လွန်ကိုလွန်တယ်။ အကြားအမြင်ဆရာတွေ၊ ဘိုးတော်တွေ၊ နတ်ကတော်တွေ တောင် မလုပ်တော့ဘဲ ခပ်ညံ့ညံ့နည်းတွေကို အသုံးပြုပြီး စီးပွားရှာနေတာတော့ ဗေဒင်ပညာအပေါ် သစ္စာဖောက်တာပဲ။

-ဂ-
  
နာမည်ကိုက ကန်တော့ဖို့ လှူတဲ့ပွဲမို့ ကန်တော် ပွဲကို ဘာမှအညွှန်းတပ်ပြောစရာမလိုဘူး။ သူနည်းသူ့လမ်းနဲ့ လုပ်လို့ရတယ်။ သူ့သဒ္ဒါနဲ့သူလှူတာ၊ ၀မ်းတောင်သာသေးတယ်။ လိုချင်လို့လည်း ပွဲထိုးထိုး၊ကြည်ညိုလို့လည်း ပွဲထိုးထိုး၊ မြှောက်ပေးလို့လဲပွဲထိုးထိုး ဘာဖြစ်လဲ။ မကောင်းမှုလုပ်တာမှ မဟုတ်တာ။ ပွဲထိုးပလေ့စေပေါ့။
  
ကန်တော့ပွဲက မြန်မာ့ယဉ်ကျေးမှုနဲ့ပါလာတဲ ဓလေ့လေးတစ်ခုပါ။ ဦးလျော့မာန်လျော့ လက်အုပ် ချပြီး ကန်တော့တာ။ ကန်တော့ပွဲနဲ့ ကျေနပ်စေခြင်းဌာ လှူဒါန်းတာ။ ကန်တော့တာဟာ ကောင်းတဲ့ အလေ့အထပါ။ ဒါက ရိုးရာဓလေ့တစ်ခုပါ။ လှူတဲ့လူကိုလည်း ကျေနပ်တယ်။ မုဓိတာလည်း ပွားတယ်။
  
 ဘိုးတော်ရယ်၊ဂိုဏ်းဆရာနဲ့ နတ်ကတော်တွေရယ် လုပ်နေကြဖြစ်တဲ့ ကန်တော့ပွဲဖြစ်တဲ့ ကန် တော့ပွဲထိုးတဲ့ အလေ့အထကို ဗေဒင်ဆရာတွေက ဗေဒင်မေးသူတွေကို ဘုရားပွဲထိုးပါ၊ သာသနာ ပွဲထိုးပါ ရိုးရာပွဲထိုးပါ စသဖြင့် မြှောက်ပေးနေတာတွေက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေလားဆိုတာ စဉ်းစားကြည့်ပါ။
  
လူတွေဟာ သူတို့ကို ဘယ်ဂြိုဟ်က အကြိုးပြုနေသလဲ၊ ဘယ်ဂြိုဟ်က ဒုက္ခပေးနေသလဲ၊ စီးတဲ့ နင်းတဲ့ဂြိုဟ်တွေ ဒသာတွေအရ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သိချင်လို့ ဗေဒင်ဆရာဆီ ဗေဒင်လာမေးတာပါ။
  
နတ်ဖမ်းစားတာ၊ နတ်အကျိုးပြုတာ သိချင်ရင် ရိုးရာနတ်သိချင်ရင် နတ်ကတော်ဆီသွားမှာပေါ့။ ဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေတယ်။ ဘယ်ပုဂ္ဂိုလ်ဆိုတာ သိချင်ရင် ဂိုဏ်းဆရာတွေဆီ အကြားအမြင် ဆရာတွေဆီ သွားမှာပေါ့။
  
အခုဗေဒင်ဆရာက နတ်ကတော် အလုပ်လဲလုပ်တယ်၊ ဂိုဏ်းဆရာအလုပ်လည်းလုပ်တယ်၊ ဘိုးတော်အလုပ်လဲလုပ်တယ် ကြည့်လုပ်ပါဦးဗျာ။ တဖြည်းဖြည်းနဲ့ ဗေဒင်ဆရာက ၁၂ မျိုးဟင်းချိုဖြစ်နေ ပါပြီ။ ခင်ဗျားတို့ကြောင့်တည်း ဗေဒင်ပညာ စော်ကားခံရတာ ဖွတ်ဖွတ်ညက်ညက်ကျေနေပါပြီ။
  
ကျွန်တော်ဘိုးတော်တစ်ယောက်ကို တွေ့ဖူးတယ်။ အမြဲတမ်းယောဂီဝတ်စုံကြီး ၀တ်လို့။ နဂါးပုံ တောင်ဝှေးကြီး ကိုင်လို့ သူ့အိမ်ရဲ့တံခါးပေါက်မှာရေးထားတယ်။ဒီအိမ်မှာ ဗေဒင်မဟောပါ၊ ဗေဒင်မေး လိုက ဗေဒင်ဆရာထံကြွပါ။ ဆိုင်ရာပုဂ္ဂိုလ် ရိုးရာ ဖော်ပေးသည်။
  
 နဂိုကမှ မသိရတဲ့၊ မမြင်ရတဲ့ နတ်တွေကို လက်ညှိုးထိုးပြီး စားနေတဲ့ နတ်ကတော်တွေရယ်။ ဘိုးတော်ရဲ့ အေးဂျင့်တွေရယ် ကိုကြည့်လို့ မရတာ ဒီပုဂ္ဂိုလ်နဲ့ ကျွန်တော် အရမ်းကြည်ညိုသွားတယ်။ အရမ်းလဲ လေးစားသွားတယ်။ ဒီပုဂ္ဂိုလ်ဟာဘယ်နည်း နဲ့ဟောဟော၊ သူဟောတဲ့ နည်းစနစ်ပေါ်မှာ သစ္စာ ရှိတာတော့အမှန်ပဲ။ နတ်ကတော်တွေလည်း ဒီအတိုင်း ပဲလာတယ်။ ပူးပြီးစီးပြီး ဖြစ်ချင်တာပြောတယ်။ ကြိုက်တယ်။ ဒါသူ့ အလုပ်ကို သူရိုးသားစွာလုပ်တာပဲ။ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ ရပ်တည်တာဟာ လေးစား ရပါမယ်။
  
 နတ်ကိုမယုံကြည်ရင် နတ်ဆီမသွားနဲ့။ဘိုးတော် မယ်တော်တွေကို မယုံကြည်ရင် ဂိုဏ်းဆရာတွေဆီ မသွားနဲ့။ ဗေဒင်မယုံရင် ဗေဒင်ဆရာတွေဆီ မသွားနဲ့။ ရှင်းရှင်းလေး။ ကိုယ့်အလုပ်ကို ကိုယ့်တာကနေ လုပ်နေလို့ကတော့ ဘာဆိုဘာမှ ပြောစရာမရှိပါဘူး ဆရာဒဂုန်။

-ဃ-
  
 ဗေဒင်ဆရာ ကနတ်ကတော်အလုပ်လည်းလုပ် ဘိုးတော် အလုပ်လည်းလုပ်၊ အကြားအမြင်ဆရာ အလုပ်လည်းလုပ်တာတော့ မကျေဘူးဗျာ။ ဟုတ်ကို မဟုတ်ဘူး။ ဗေဒင်ဆရာနဲ့ တခြားစီပါ။ ဗေဒင်ပညာ အပေါ် မဟုတ်ကြပါနဲ့။ မစော်ကားကြပါနဲ့။ ဗေဒင် ပညာဟာ သူ့နည်းလမ်းနဲ့သူ့စနစ် သီးခြားရှိ ပါတယ်။
    တဖြည်းဖြည်းနဲ့ ဗေဒင်ဆရာဟာ သူတက် လာတဲ့ ဗေဒင်ပညာအပေါ် ယုံကြည်ခိုင်မာစွာ မရပ် တည်ရဲတဲ့အခါ နတ်၊ မယ်တော်၊ ဘိုးတော်တွေကို မျက်လုံးပြူး မျက်ဆန်ပြူး အားကိုးလာရတယ်။
  
အပါဒ်တစ်ခုစီးရင် ဗေဒင်ဆရာက ကြေး တောင်းရင် နည်းသွားမှာစိုးလို့ ကန်တော့ပွဲကြီးထိုးထား ပြီး ရတဲ့ငွေကိုလက်နဲ့တောင် မယူတော့ဘူး။ ကန်တော့ ပွဲမှာ ထိုးသွားပါလို့ပြောပြီး မိန့်မိန့်ကြီးနေတော့တယ်။ ကြေးတောင်းလို့ကောင်းလေ ကြောက်စရာလန့်စရာ ကန်တော့ပွဲကြီးတွေကို ရွှေငှက်ပျောသီး အဖီးကြီးကြီးနဲ့ ထိုးပြီးပြနေတာတွေ အများကြီးရယ်။ ဘုရား စောင်းတန်းက ဗေဒင်ဆရာတစ်ယောက် ဆိုရင် သူ့အိမ်ရှေ့မှာ ကန်တော့ပွဲကြီး ထိုးပြထားတယ်။

တစ်ခုသိချင်တယ် ဘုရားကိုလှူချင်တာ အိမ်မှာ ကန်တော့ပွဲ ထိုးလို့မရဘူးလား။ အလုပ်ခန်းမှာ ကန်တော့ပွဲထိုးပြီး လုပ်ကြတာ ရိုးမှရိုးသားရဲ့လား။ ဘယ်လောက် တရားလွန်ပါလဲဆိုတော့ ဗေဒင်မေး သူတွေကိုပဲ ကန်တော့ပွဲမထိုးချင် ထိုးချင်အောင် ဆွဲဆောင်ကြတယ်။ ဆွယ်ကြတယ်၊ ကန်တော့ပွဲထိုးရင် ဘာအကျိုးမရှိမယ်၊ ညာအကျိုးရှိမယ်နဲ့ သာမန်လူတွေ သည်းခြေကြိုက်အောင်ပြော ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုပြီးပြော၊ ပြီးရင် ပွဲမျိုးစုံကိုဘုရားပတ်ပြီး ထိုးခိုင်းတာ၊ ဘာသာရေး အရေခြုံပြီး အကျိုးရှာနေတာ သိပ်မဟုတ်ဘူး ဆရာဒဂုန်။
  
 ခင်ဗျားတို့ ဗေဒင်ဆရာတွေထဲမှာ တာရာပွဲ၊ နက္ခတ်ပွဲ၊ နေလပွဲ၊ ဒေ၀ီပွဲ၊ နတ်ပွဲ၊ ဘိုးတော်ပွဲ၊ မယ်တော်ပွဲစသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ၃ ပွဲ၊ ၉ပွဲ၊ ၂၁ပွဲ၊ ၁၀၈ ပွဲ တွေတိုးလာပြီး နောက်ဆိုရင် ကန်တော့ပွဲမှမထိုးရင် အီးတောင်မပေါက်ရဲတဲ့ဘ၀ ရောက်သွားလိမ့်မယ်။ ပွဲနဲ့မခြိမ်းခြောက်ပါနဲ့ ဆရာဒဂုန် ရယ်။ပရိသတ်ကို ကြင်နာစမ်းပါ။ လေးစားစမ်းပါ။ ရိုးသားကြစမ်းပါ။
  
ကန်တော့ပွဲကို လှူဒါန်းတယ် ဆိုတဲ့စိတ်နဲ့ လှူဒါန်းရင် အကျိုးမရှိရင်တောင်မှ အကျိုးမယုတ်တာ အမှန်ပါ။ ကန်တော့ပွဲထိုးပြီး ဒါရချင်တယ်၊ ဟိုဟာ လိုချင်တယ်၊ အဲဒါဖြစ်ချင်တယ်ဆိုတဲ့ အတ္တနဲ့ လောဘ ပါလာရင်တော့ေ>မပါလဲဆုံး သားလဲဆုံးတဲ့ ကိန်းမျိုးပဲ။ ဘာမှအကျိုးပေးလာမှာမဟုတ်ဘူး။
ဗေဒင်ဆရာဟာ ဗေဒင်ဆရာ အလုပ်ကို ရိုးသားစွာလုပ်နေရင် ဘာမှပြောစရာမလိုပါ။ အခုဟာ က ကန်တော့ပွဲတွေ ထိုးပြပြီး တောင်းစားနေတော့ ဘေးကမြင်ရတဲ့သူက တော်တော်ကသိကအောက် ဖြစ် နေရပါတယ်။ ကြည့်လည်းလုပ်ပါဦး။
  
ဒါတောင် ပွဲချတဲ့ ဌက်ပျောသီးတွေ၊ ပန်းသီး တွေကို ဈေးထဲမှာ တစ်ဝက်ဈေးနဲ့ ပြန်ရောင်းတဲ့ကိစ္စ တွေ အုန်း၊ ဌက်ပျောကုန်သည်ဆီက အကြွေးဝယ်ပြီး ငွေမပေးလို့ သက်ဆိုင်ရာကို တိုင်တဲ့ကိစ္စတွေ၊ ကန်တော့ပွဲ ဘယ်နှစ်ပွဲထိုးရမယ်ပြောပြီး ငွေအားလုံး အိတ်ထဲထည့်တာတွေ၊ ကန်တော့ပွဲအတွက် အုန်းသီး ဌက်ပျောသီးဖိုးတင်မဟုတ်ပဲ ဆန်၊ ဆီ၊ ပိတ်ဖြူ၊ ပိတ်နီ၊ ဆပ်ပြာ၊ ဆေးပါထည့်ရမယ်ဆိုပြီး အကြံအဖန်လုပ်တာ တွေကို ဖွင့်မပြောသေးဖူးနော် ဆရာဒဂုန်။ ပြောများ ပြောလိုက်ရရင်တော့ အဆီတစ် ထပ် အသားတစ်ထပ် ဖြစ်သွားမယ်။ ဘာမှတ်သလဲ။

-င-
    
ဒီနေ့ဘယ်လောက်ရသလဲ ဟေ့
    ကန်တော့ပွဲထဲက ကန်တော့ထိုးထားတဲ့ငွေတွေ၊ စက္ကူလိပ်တွေကို ရေတွက်နေတဲ့မဟေသီကို လှမ်းမေးလိုက်တယ်။ ခေါင်းမော့မကြည့်ဘဲဒီနေ့သုံးသောင်းကျော်လိမ့်မယ်လို့ပြောတဲ့အခါ စာအိတ်ကို ဆရာဒဂုန်အားပေးလိုက်သည်။
    ဆရာဒဂုန်က ဆေးပြင်းလိပ်ကို ဟန်ပါပါ တစ်ရှိုက်ဖွာလိုက်ပြီး စက္ကူအိတ်ကို ဖွင့်လိုက်တယ်။ စက္ကူအိတ်ထဲမှာ အနည်းဆုံးတစ်ထောင်တန်တွေပါမယ်ထင်တာ။ တစ်ထောင်တန် ငွေစက္ကူအရွယ် ဖြတ်ထားတဲ့ သတင်းစာဖြတ်ပိုင်းနဲ့အတူ စာလေးတစ်စောင်ကို တွေ့လိုက်တယ်။ အဲဒီစာကို ဖတ်ကြည့် လိုက်တယ်။
    သနားတယ် ဆရာဒဂုန်
      တကယ်ကို သနားတယ်

                    ဆရာဒဂုန်               
၂၀-၆-၂၀၀၁
    နံနက် ၈း၀၅ နာရီ
  

Spread The Love, Share Our Article

Related Posts

No Response to "ကန်တော့ပွဲနှင့် တောင်းစားနေသူများ"

Add Your Comment