၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

ခွေးခြင်္သေ့

Published on Monday, December 31, 2012 in


ဒီမှာကိုယ့်လင်ဆိုပြီးထောက်ထောက်ညှာညှာသာသာ ထိုးထိုးချည့်ပြောမယ်။ သူ့ကိုပြန်ပြောလို့ ငါပဲအခုအိမ်ပေါ်က ဆင်းသွားရဆင်းသွားရ၊ ပြောမှာ က တော့ ပြောမှာပဲ။
သေခါနီးနေပြီပဲ။ အသက်ပဲ ၆၀ကျော်ပြီ။ ဒီ အရည်ကိုဖြတ်ဖို့မကောင်းဘူးလား။
ဥပုသ်သီတင်း မဆောက်တည်ရင်လဲ နေဖြစ် တယ်။ အရက်သေစာသောက်စားတာကို တော့ဖြတ် ဖို့ ကောင်းပြီ။ အနှစ် ၄၀လုံးလုံးသောက်လာခဲ့ပြီပဲ။ တော်ရောပေါ့။
အရက်တော့ သောက်သလား မမေးနဲ့။  မျက်နှာကခေါင်းလျှော်ရည်ရောင်သန်းနေပြီ။ အသား ကဖြူတော့ပိုဆိုးတယ်။
မပြတ်နိုင်လို့ သောက်တယ် ဆိုရင်လဲတိုင်း တိုင်းဆဆရှိဖို့ကောင်းတယ်။ချိန်အခါရွေးဖို့ကောင်း တယ်။ သူ့ဟာက အရက်နဲ့မျက်နှာမသစ်ရုံတမယ်။ အရက်နဲ့လက်မဆေးရုံတမယ်။ လွန်လွန်းတယ်။
သြော် အရွယ်ကလေး ရလာတော့ပြောလဲ မပြောချင်တော့ပါဘူး။ တရားနဲ့ ဆင်ခြင်လိုက်ရင် သေရတော့မယ့်အချိန် သိပ်နီးနေပြီ။ ဆံဖြူပြီ၊ သွား ကြွေပြီး၊ ပါးရည်တွန့်ပြီး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါကလား။
ဒါပေမယ့် ငါမှမပြောရင်လဲသူ့ကို ဘယ်သူမှ ပြောမယ့်သူမရှိဘူး။ သူကဆရာကြီး၊ သူ့ဝန်းကျင်မှာ က သူ့တပည့်လက်သားတွေချည်း။
ငါကဥပက္ခာထားလိုက်ချင်တယ်။ခက်တာကငါကလဲအရိယာမဖြစ်သေးဘူး။ ပုထုဇဉ်။ ဒေါသရှိ တုန်း ပဲ။ လောဘရှိတုန်းပဲ မောဟ ရှိတုန်းပဲ။
အေး ဒါပေမယ့် ငါကံငါးပါးတော့ ထိန်းတယ်။ လိမ်ညာမပြောဘူး။ သူ့အသက်ကို မသတ်ဘူး။ သူ့ ဥစ္စာမခိုးဘူး။ အရက်သေစာမသောက်စားဘူး။ သူ တစ်ပါးအိမ်ရာကို မကျူးကျော်ဘူး။
ငါကံငါးပါး လုံတာကတော့ ကြာပါပြီ အပျို ပေါက်အရွယ်၊ လူမှန်းသိကတည်းက ဆိုပါတော့။
သူနဲ့ငါအသက်ချင်း ၁၅နှစ် ကွာတယ်။ ငါက ခု ၄၅နှစ်ပဲ ရှိကျတယ်။ ၄၅နှစ်အ၀င်မှာ သွေးဆုံးသွား တယ်။
ဒါပေမယ့် လင်စိတ်၊ သားစိတ်ကုန်တာတော့ ကြာပြီ ဘယ့်နှယ်ငါ့နှာခေါင်းကအရက်နံ့ဆိုးဆိုးဝါးဝါး နဲ့လားလားမှ မအပ်စပ်တော့ဘူး။ အနားလဲပဲအကပ် မခံဘူး။ အနံ့နံလွန်းလို့။
ဘယ်နှယ့်ကွယ်။ ကိုယ်လုပ်စားတဲ့အလုပ်က ဗေဒင်ဆရာ ဒီတင်မကသေးဘူး။ ဆရာတွေကိုဆရာ လုပ်ရတဲ့ ဗေဒင်သင်တန်းပြဆရာကြီး။
ဒီတော့ ကံလေးတော့ထိန်းရမယ်။ နောက် ဆုံးမနေနိုင်ရင် ညဘက်မှာသောက်။ ညဘက်မှာမူး။ သိသာသိစေမမြင်စေနဲ့လို့ တို့မြန်မာစကား ဆိုရိုး ရှိသားပဲ။ သောက်တော့သောက် လူမမြင်စေနဲ့။ မူး တော့မူး လူမမြင်စေနဲ့။
ခုသူ့ဟာကလွန်လွန်းတယ်။ တစ်နေ့ထက် တစ်နေ့ဆင်ခြင်လျှော့ပေါ့သွားတယ်ရယ်လို့မရှိဘူး။ တိုးတိုးပြီးဆိုးလာတယ်။ လွန်ပြီ။
ဘယ်နှယ်ကွယ်ဗေဒင်မေးတဲ့ပရိတ်ရှေ့မှာလဲသောက်။ သင်တန်းပြရင်းလဲသောက်။  ကြိုက်လို့ သောက်တာတောင် တစ်ဖက်သားက သူတို့ကို စော်ကားမယ်ထင်မယ်။ မဟုတ်ဘူးလား။
ဥပဓိရုပ်ကလဲပြောစရာမလိုဘူး။ဖြူဖြူ၊ပြည့်      ပြည့်၊ထောင်ထောင်မောင်းမောင်း။ အနေအထိုင်တတ်ရင် ဒီထက်အဆတစ်ရာ တောင် ကျော်ကြားမှာ သေချာ တယ်။
သောက်တာတောင်ရိုးရိုးတန်းတန်းမသောက် ဘူး။ ကိုယ့်သင်တန်းသားတပည့်တွေကို ထိကပါး ရိကပါး စော်ကား လိုက်သေးတယ်။ ပြောပုံလဲ ကြည့်လေ....
ငါကဘိုးတော် မဟုတ်ဘူး၊ အရက်သမား။ အရက်သောက်ပြီး ဗေဒင်ဟောတယ်။ မှန်ရမယ်။ အရက်သောက်ပြီး သင်တန်း ပြမယ်။ မှန်ရမယ်။
ငါ့ယတြာကလဲငါအရက်သောက်ရင်းပေးတဲ့ယတြာပဲ။ဒါပေမယ့်စွမ်းထက်တယ်။
အဲဒီလိုမပြောသင့်မပြောအပ်တာတွေလဲပြောတယ်။သင်တန်းသားတပည့်တွေကိုတော့ငါသူ့အစား နာတယ်။
သင်တန်းသားနဲ့သင်တန်းဆရာဆိုတာ ကိုင်း ကျွန်းမှီ ကျွန်းကိုင်းမှီဆိုတာလိုပါပဲ။
သူ့ကျေးဇူးကြောင့် ဗေဒင်ပညာနဲ့အသက် မွေးနိုင်တာလဲမှန်တယ်။ သင်တန်းတွေရဲ့ ကျေးဇူး ကြောင့် ငါတို့အိမ်ကြီးရခိုင်နဲ့နေနိုင်တာလဲ မှန် တယ်။
သင်တန်းကြေးက တစ်ယောက်ကို သုံးရာ။ သင်တန်းမှတ်စုဆိုပြီး စာကူးစက်နဲ့ ကူးထားတဲ့    မှတ်စုကိုရောင်းတာကသုံးရာ။ ဒီတော့….…သင်တန်း သားတစ်ယောက်ဆီက ခြောက်ရာရတယ်။
သင်တန်းကာလကသုံးလအပြတ်။ သင်တန်း သား၁၅ယောက်ဆိုရင်သုံးလမှာ ၀င်ငွေကိုးထောင်ရှိ တယ်။ တစ်လသုံးထောင်ဝင်တယ်။ ဗေဒင်ဟောတာ မပါဘူး။
ဗေဒင်ဟောတာက စားဖို့သောက်ဖို့ရတယ်။ န၀င်းပွဲဆိုပြီး ယတြာပြင်ခိုင်းတာကလဲ ရလိုက် သေးတယ်။
အဲဒီန၀င်းပွဲဆိုတာကလည်း၂၇ကျပ်န၀င်းမရှိဘူး။ ၄၅ကျပ်ဆိုတာ အနိမ့်ဆုံးအဆင့်ပဲ။ အမြင့်ဆုံး န၀င်းဆိုရင် ၃၆၀၀ကျပ်အထိ ရှိတယ်။
တစ်လထဲမှာအလတ်စားန၀င်းဖြစ်တဲ့ ၂၇၀၀ ကျပ် န၀င်းတစ်ပွဲနဲ့၃၆၀၀ကျပ် န၀င်းနှစ်ပွဲ ၀င်လာ ဖူးတယ်။ ၉၉၀၀ကျပ် ရလိုက်တယ်ဆိုပါတော့။
အဲဒီလောက် အရက်မူး နေတာတောင် သင်တန်းသား မပြတ်ဘူးအံ့ရော။
အေး သီလသမာဓိကလေးနဲ့နေရင် ဒီထက် တိုးထူးပြီး အောင်မြင်ကျော်ကြားမှာ မလွဲဘူး။
မဖြစ်လို့သာပြောရပေမယ့်ငါလဲသူ့ကို ခပ် ကြောက်ကြောက်ရယ်။ တစ်ခါက ငါ့ကို ငေါက်တယ်၊ နင်ဘာသိလို့လဲ ငါက တနင်္လာသား၊ တြိရန်း ဖြစ်တဲ့အရက်ကို သောက်ပေးလေ အလုပ်ဖြစ်လေ ပဲတဲ့။
အကျိုးပေးပဲလားတော့မဆိုနိုင်ဘူး။ အရက် မူးပေမယ့် တပည့်ကလဲပြတ်တယ်မရှိဘူး။ န၀င်းပွဲ လာထိုးတဲ့သူကလည်း ပြတ်တယ်မရှိဘူး။
အိမ်မှာလာကြည့်လှည့်။ လူလာအောင်၊ ၀င်ငွေကောင်း အောင်ဘာတစ်ခုမှ မစီရင်ထားဘူး။ အေးလောကနတ် အရုပ်ကြီး ပဲတွေ့ရမယ်။ တစ်လွဲမ ထင်နဲ့။ အဲဒါ အလှသက်သက်ထားတာ။ ဓာတ်ဆင် ထားတာ မဟုတ်ဘူး။
ငါညာမပြောဘူး။ သေတဲ့အထိ မုသာဝါဒ မပြောဘူးလို့ ဘုရားမှာဓိဋ္ဌာန်ထားပြီးသားပါ။
ပညာကတော့တော်ပါတယ်။ ငါ့ယောက်ျားမို့ ငါအမွှန်းတင်တာမဟုတ်ဘူး။ သူ့ပညာကို သူယုံ တယ်။ မှတ်ကျောက် အတင်ခံတယ်။ ပညာရှင် တွေကိုစိန်ခေါ်တယ်။ တစ်ယောက် အကြောင်း တစ်ယောက် ယှဉ်ဟောကြည့်ကြရအောင်တဲ့။
နောက်ဆုံးပေါ်မူတီးနည်းကိုလဲ မတတ်ဘူး။ လက္ခဏာလည်းနားမလည်ဘူး။ ဇာတာလည်း မတတ်ဘူး။
ငါ့ယောက်ျားတတ်တဲ့ ပညာက မဟာဘုတ်နဲ့ အင်္ဂ၀ိဇ္ဇာ ပါပဲ။
သူ့နည်းကိုတော့သူသိပ်ပြီးအမွှန်းတင်တယ်။ ခေတ်မီဆန်းစစ်တည်ထွင်ထားတဲ့မြန်မာ့ရိုးရာဗေဒင် ပညာတဲ့။
ကိုယ့်ပညာရပ်ကို ကိုယ်အမွှန်းတင်တာက တော့ကောင်းပါတယ်။ ဒါပေမယ့် ခေတ်ပေါ် ဗေဒင် နည်းတွေကိုလည်းသွားပြီး မဝေဖန်နဲ့။ ကိုယ်မှ လက်လှမ်း မမီတဲ့ဥစ္စာပဲ။
ဟိုမူတီးရဲ့ ဟောကိန်းတွေဆိုရင် သိပ်မှန်တာ ပဲ။ ရက်ရက်စက်စက်မှန်တယ်။ အဲဒီတော့ သူတောင် လေ့လာဖို့လည်းကောင်းတယ်။ ဒါပေ့မယ့် လေ့လာ မှာလည်း…..မဟုတ်ဘူး။ လေ့လာဖို့လည်းအခြေအ နေ မပေးတော့ဘူး။
လက်ရှိပညာနဲ့အောင်မြင်နေပြီပဲ။ မူတီးရဲ့ နည်းနောက်ကိုလိုက်သွားရင် သူမှားမယ်။ ဘာလို့လဲ ဆိုတော့ ဟိုဘက်မှာမူတီး ရဲ့နည်းကို ကြောင်ပုဇွန် စားကျွတ်ကျွတ်ဝါးသလို ကြေညက်ထားတဲ့ သူတွေရှိ တယ်။
ဒီမြန်မာရိုးရာဗေဒင်မှာကတော့ သူကတီထွင် ထားတဲ့သူ။ ကျော်ကြားပြီးသား။ ကြော်ငြာကပ်စရာ မလိုဘူး။ ကြေညာမောင်း ခပ်စရာမလိုဘူး။
ဒီတော့မူတီးနည်းကိုလည်း ဝေဖန်စရာမလို ဘူး။ ကိုယ့်နည်းကိုယ့်ဟန်ကို အမွှန်းတင်ချင်တယ်။
အဲဒါ မဟုတ်ပေါင်တော်။ သင်တန်းသား တွေကို ပြောတယ်။ မင်းတို့ထဲမှာ မူတီးနည်းတတ်တဲ့ သူရှိရင် ပြောလေ။ ငါနဲ့ယှဉ်တွက်ကြည့်ရအောင်တဲ့။
အရက်မူးမူးနဲ့ ပြောတာဆိုတော့ပိုပြီး အရုပ် ဆိုးတာပေါ့။ နောက်တစ်ချက် ငါမကြိုက်တာက ငွေယူတာ ပက်စက်တယ်။ အရင်းအဖျားမရွေးဘူး။ တစ်ဆိတ်ရှိ န၀င်းပွဲ ထိုးခိုင်းလိုက်တာပဲ။
ထိုရတနာရွှေမိုး ကဖီးက ကောင်မလေးလင် နောက်လိုက်သွားတုန်းကပေါ့၊ ၇၂၀ကျပ်န၀င်းပွဲ ထိုး ခိုင်းတယ်။ ခင်မျာ တွေကလဲ ထိုးကြရှာပါတယ်။
ငါ့ကတော့ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့။ ပထမ ငါတို့နေတဲ့အိမ်ကို အဲဒီကဖီးဆိုင်ရှင်က စပေါ် တင်ပေးထားတာ၊ အဲ့ဒီတုန်းက စပေါ်ငွေငါးထောင် ဆိုတာ နည်းတာမဟုတ်ဘူး။
နောက်ပြီးအစဉ်အဆက် သူ့ကိုပဲကိုးကွယ် လာတာ။ နေ့စဉ်စားဦးစားဖျား ဆီပြန်ဟင်း တစ်ခွက် လဲပို့တယ်၊ အသည်းဆေးတို့၊ အားဆေး တို့ဆိုတာလဲ အိမ်မှာမပြတ်စေရဘူး။ ခရီးသွား တိုင်း လည်းဆရာ့ဖို့ ဆိုပြီး အမှတ်တရလက်ဆောင်ပစ္စည်း ၀ယ်ဝယ်လာတတ်တယ်။ အ၀တ်အစားဆို ၀ယ်ဝတ် ရတယ်လို့မရှိဘူး။ အဲဒီအိမ်ကချည်း ၀ယ်ဝယ်ပို့ တယ်။
အဲ့ဒီ ရတနာရွှေမိုး ကဖီးက ကောင်မလေး လင့်နောက် လိုက်သွားတယ်။ ဆရာ့ဆီ အားကိုး တကြီးပြေးလာတယ်။ ကောင်မကလေး ပြန်ရောက် လာအောင် ဓာတ်ဆင်ပေးဖို့ပြောတယ်။
ကောင်မလေးက အသက်မပြည့်သေးဘူး။ ၁၆နှစ်ပြည့်ဖို့ရာ သုံးလလို သေးသတဲ့။ ငါသဘော ပြောရရင်ပွဲတစ်ပွဲအပြင်ခိုင်းလိုက်။ မင်းတို့စေတနာ ရှိသလောက် န၀င်းအောင် ပွဲမှာတင်ဆိုရင် မကောင်း ဘူးလား…..။ သူတို့လည်း ဒီ…..န၀င်းပွဲ အကြောင်း သဘောပေါက်ထားပြီးပဲ။ ဟိုတစ်ခါ စိန်တုနဲ့ ထိတုန်းက ၃၆၀၀ကျပ် န၀င်းပွဲထိုးဖူးပြီပဲ။
အဲဒီတုန်းကတော့ တစ်ဦးနဲ့တစ်ဦးရင်းနှီးကာ စပဲရှိသေးတာကိုး တောင်းလို့ကောင်းတယ်။ ခုနေမှာ ငွေစကား၊ ကြေးစကားပြောဖို့မကောင်းဘူး။ သူတို့ စိတ်ပါ သလောက်ပဲ တင်စေ့ချင်တယ်။ ၂၇ကျပ်ပဲဖြစ် ဖြစ်၊ ၄၅ကျပ်ပဲဖြစ်ဖြစ်။
ဒီလူက တော်မလိုလိုနဲ့တစ်ခါတစ်ခါလျော် တယ်။ လည်ပုံလည်ပန်းနဲ့ အတယ်။
မိဘတွေကလည်း ကောင်မလေးနဲ့ ကောင် လေးကိုသဘောမတူဘူး။ မရအရခွဲမယ်။ ကောင်က လေးက လွတ်လွတ် လပ်လပ်လည်း မဟုတ်ဘူး။ မယားကြီးနဲ့။ ကလေးနှစ်ယောက်ဖခင်။
ပြီးတော့ ကောင်ကလေးက သူတို့ ကဖီးက လက်ဖက်ရည်ဖျော်တဲ့အလုပ်သမား။ ရုပ်ရည်ကလေး သားနားတာတစ်ချက်ပဲ ပြောစရာရှိတယ်။ အကျင့် စာရိတ္တကလည်း မကောင်းဘူးလို့ ကြားရတယ်။
ကောင်မလေး မိဘတွေက ခေါင်းမီး တောက် နေကြပြီး ရဲစခန်းကိုတိုင်မယ်တဲ့။
ဆရာက ကန့်ကွက်တယ်။ လူသိရှင်ကြားဖြစ် မယ်တဲ့။ သုံးရက်အတွင်း ပြန်လာအောင်သူ တာဝန် ယူတယ်တဲ့။
ငါ့သဘောပြောရရင် ရဲစခန်းမှာ တိုင်ချက်ဖွင့် ထားတာ မမှားဘူး။ အသက်မစေ့လိုခွဲမယ့်အတူ ဒီ နည်းလမ်းဟာ အကောင်းဆုံးပဲ။ ရဲဆိုတာအလှမ်း ကျယ်တယ်။ ရာဇ၀တ်ကောင်ကိုဖမ်းရာမှာ အတတ် ပညာပေါင်းစုံရှိတယ်။ အနယ်နယ်အရပ်ရပ်ကိုလှမ်း ပြီး ဆက်သွယ်အကူအညီတောင်းနိုင်တယ်။
ဒီတော့ ရဲကိုတိုင်ထားလိုက်ရင်ရက်ပိုင်းအ တွင်းဖမ်းဆီးနိုင်တယ်။ ကိုယ့်န၀င်းပွဲစွမ်းလို့သုံးရက် အတွင်း ပြန်မလာခဲ့ရင်လည်း ရဲကရှာဖွေဖမ်းမိမယ်။ နှစ်ဘက်နှစ်လမ်းဆိုတော့ တစ်လမ်းတည်းထက် ပိုစိတ်ချရတယ်။
အဲဒါ ပြောမရဘူး။ ရဲစခန်းကို တိုင်ချက်မဖွင့်နဲ့ တဲ့။ သုံးရက်အတွင်း ပြန်ရောက်ဖို့ သူတာဝန်ယူ တယ်တဲ့။
ပြန်မလာရင် ဘယ့်နှယ်လုပ်မလဲ။ ဟုတ် တယ်လေ။ စဉ်းစားရမယ်။ တစ်ခြားသူတွေ ဆိုရင် အကြောင်းလား၊ ရပ်ဝေးက ဆိုရင်လည်း ထားတော့။ ခုဟာက တစ်ရပ်ကွက်တည်း နေတဲ့သူတွေ။ လမ်းထိပ်နဲ့လမ်း ကြားပဲကွာတယ်။
ပြီးတော့……..မြောက်ဥက္ကလာပဆိုတာကျဉ်း ကျဉ်းကလေးရယ်။ တကယ်လို့ ပြန်များမလာရင် ဒီသတင်းဟာ တောမီးပြန့်သလိုပြန့်သွားမယ်။ မဖြစ် စလောက်ငွေနဲ့ သိက္ခာကျနိုင်တယ်။
ငါပြောသလို စေတနာ န၀င်းပွဲဆိုရင် အကြောင်း မဟုတ်ဘူး။ အမြင့်န၀င်း ယူထားပြီး ဖြစ်မလာရင်မကောင်းဘူး။ ဒီန၀င်းကလည်း ငွေများမှ ပဲစွမ်းတော့မှာလား။ ငွေပိုများရင်ပိုစွမ်းသလား။ အဲဒီ လိုဆိုရင်လည်း ၃၆၀၀ိ/ န၀င်းပွဲ တင်ခိုင်းလိုက် ပါလား။ ကောင်မလေး ပြန်ရောက်လာရင် စိုက်ပြီး ပြန်လျော် လိုက်။
ဟုတ်တယ်လေ။ အဲ့ဒီန၀င်းပွဲကငွေတွေဟာ မိုးပေါ်ပျံတက်သွားတာမှမဟုတ်တာ။ သူ့အရက်ဖိုးပဲ ဖြစ်သွားတာပဲ။
သူကတော့ အသောက်မပျက်ဘူး။ ငါ့မှာ တော့ ရင်တမမနဲ့။ သုံးရက်ကြာလို့လဲ ကောင်မလေး ပြန်မရောက်ဘူး။ သတင်းလေးတောင်မကြားရဘူး။
သူ့ကို အကျိုးအကြောင်း လာပြောတယ်။ သူ ကတော့ စောင့်ပါဦးတဲ့။ ခရီးလွန်နေလို့ ဖြစ်မယ်တဲ့။ မိန်းကလေးရှင်တွေကလည်း သူ့စကားကို မြေ၀ယ်မ ကျနားထောင်တယ်။ ခုနှစ်ရက်အထိ စောင့်တယ်။ ဘာသတင်းမှ မထူးဘူး။
အဲဒီတော့ မိန်းကလေးရှင်တွေက ရဲကိုတိုင် တယ်။ အမှုဖွင့်တယ်။ ကောင်မလေးရဲ့ ဦးလေးတစ် ယောက်ကလဲသုံးပွင့်တဲ့။ မြို့နယ်မှူးဆိုလား။ ရန်ကုန် မှာပဲ တာဝန်ကျနေတယ်။
တစ်ညနဲ့ တစ်နေ့ခင်းပဲ ရှိလိုက်တယ်။ တွေ့ တယ်။ ဘယ်လိုမှ ခရီးမလွန်ဘူး။ တည်းခိုခန်း တစ်ခုမှာ တည်းခိုနေကြသတဲ့။ အဲဒီတည်းခိုခန်း ဆိုတာ ရန်ကုန် မှတ်ပုံတင်နဲ့တည်းလို့ မရဘူး ကြားတယ်။ နယ်မှတ်ပုံတင်နဲ့မှတည်းလို့ ရတယ် တဲ့။ မဟုတ်ရင် လက်မခံဘူး ပြောတာပဲ။
မှတ်ပုံတင် အတုနဲ့တည်းတာလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ မှတ်ပုံတင်အတုဆိုရင်တောင် တည်ခို ခန်းကလက်ခံဖို့မကောင်းဘူး။ ကောင်ကလေးက တော့ ထားတော့။ ၂၂နှစ်ကျော်ပြီး ကောင်မလေးက ၁၆နှစ်မှ မပြည့်သေးတာ။
ကောင်ကလေးကို ဖမ်းချုပ်ထားလိုက်ရော။ ဒါပေမယ့် အဲဒီနေ့က စပြီး ရတနာရွှေမိုးက လူတွေ တစ် ယောက်မှအိမ်ကို မလာတော့ဘူး။
ပို့နေကျစားဖွယ်သောက်ဖွယ်နဲ့ဆေးဝါးလက် ဆောင်တွေလည်း ရပ်သွားတယ်။
ဒီလူ ပညာကတော့ တော်ပါတယ်။    မွေးသက္ကရာဇ်ကိုပြောပြလိုက်တာနဲ့ အကျင့်စရိုက် ဆိုးတွေကို ဒိုးဒိုးဒေါက်ဒေါက် ပြောချနိုင်တယ်။ မဟာ ဘုတ်ဗေဒင် တော့ မဟာဘုတ်ဗေဒင်ပဲ။ ဒါပေမယ့် အကြောင်း မသိ ရင် အကြားအမြင်နဲ့ ဟောသလား ထင်မယ်။
ဘယ်လောက်ပဲ တော်နေနေ၊ မိုးပျံအောင် တော်နေပေ့စေ၊ ဒုက္ခရောက်နေသူတွေကို ကယ် ဆယ်တဲ့သူဟာ သီလသမာဓိတော့ ရှိဖို့လိုတယ်။ ကံငါးပါးလောက်တော့ ထိန်းစေချင်တယ်။
သူရာမေရိယကံတော့ ထားတော့။ ကာမေသု မိစ္ဆာစာရကံပါထိုက်ဖူးတယ်။ဒီတော့ဘာစွမ်းဦးမှာလဲ။
ပြောရရင်လဲ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်း သလိုပဲ။ ဒါပေမယ့် ပြောတာတော့ ပြောရမှာပဲ။
ဝေးဝေးလံလံကဆိုလဲ ထားပါတော့။ ဖြစ်တာ က မျက်စောင်းထိုးအိမ်က မိန်ကလေး။ သူ့သမီး အရွယ် လောက်ရှိတယ်။ ဆိုက္ကားနင်းတဲ့ မောင်ခင်ရဲ့ မိန်းမ။
အေး…… တစ်ခုလေးပဲ ပြောစရာရှိတယ်။ မောင်ခင်လက်ထဲကယူတာတော့မဟုတ်ဘူး။ မောင်ခင်နဲ့ ကွာရှင်းပြီးမှယူတာ။ ဒါပေမယ့် ငါသိရ သ လောက် သူက ကွာရှင်းပြတ်စဲခိုင်းတာကို ဟိုကောင် မလေးက နားယောင်တာ။
ဒီလိုပဲစွပ်စွဲရမှာပေါ့လေ။ ကောင်မလေးကလဲ အိမ်ကို ၀င်ထွက်နေတာကိုး။ ပြီးတော့ရပ်ကွက် ကောင် စီမှာ ကွာရှင်းပြီး တစ်ပတ်လားကြာတယ်။ အဲဒီကောင်မလေးကို သူ အိမ်ပေါ် ခေါ်တင်လိုက် တယ်။
မောင်ခင်ကတော့အိမ်ကို ရောင်းပြီး ကလေး ကိုပါခေါ်သွားတယ်။ တောင်ဥက္ကလာပကို ဆိုလား ပြောင်းသွားတယ်။
ဘေးပတ်ဝန်းကျင် အမြင်မှာ ကတော့ ကောင်မလေးလင်နဲ့ ကွဲလို့ သနားတာနဲ့ ခေါ်ထား တဲ့ သဘောပေါ့။ ဒါပေမယ့်တစ်အိမ်ထဲ နေတဲ့ ငါ့လောက်ဘယ်သူက ပိုသိမလဲ။ မကြားချင်အဆုံး၊ မမြင်ချင်အဆုံး။
သူက ပညာသားပါတော့တာပေါ့။ စကား မများဘူး။ ရန်မဖြစ်ဘူး ဟုတ်ရင်ပေါ်လိမ့်မယ်။ ငါတောကိုပြန်သွားတယ်။ သူတို့နှစ်ယောက်တည်း ထားခဲ့တယ်။
ဒီကိစ္စမျိုးက ဘယ်လောက်ကြာကြာ ဖုံးထား နိုင်မှာ မို့လို့လဲ။ ငါပြောပါပကော။ ပုပ်ရင်ပေါ်မှာပဲ။
ကောင်မလေးက သူ့ကိုနိုင်တယ်။ ငါ့လို သည်းမခံဘူး။ ဒီတော့ ရန်ဖြစ်တဲ့ အသံတွေကို ဘေး ပတ်ဝန်းကျင်အိမ်တွေက ကြားရော၊ အကြောင်းစုံ သိရော။
သေနာကြီး၊ သေခါနီးကြီး၊ ဘာညာနဲ့  ကောင်မလေးတွေက သူ့ကို ဆဲရေးတိုင်းတွာ တယ် တဲ့။ ကဲ…. ဘယ့်နှယ်ရှိစ။
အားထားစရာ လင်သားမရှိလို့ အိမ်ပေါ်ခေါ် တင်ထားတယ်ဆို။ အဲဒီလိုဖြစ်ရင် နှင်ချလိုက်ပါလား။ ခြေနဲ့တောင် ကန်ကျောက်ချလို့ရတယ်။ အဲ့ဒီလို ကယ်ဆယ်ထားတာမဟုတ်လို့ပေါ့။
ဆရာအခေါ်ခံပြီး အိမ်ဦးခန်းမှာ အခန့်သား ထိုင်နေဖို့ကောင်းတဲ့ လူကမီးဖိုချောင် ရောက်လို ရောက်။ အရှိခိုးခံဘ၀ကနေအဆဲခံ ဘ၀ရောက်လို ရောက်၊ တဏှာကျွန်ကြီး ဖြစ်မှတော့ ဒီဒုက္ခတွေ ခံရတော့ မှာပေါ့ လေ။
ဗေဒင်သင်တန်းလဲ ရပ်ထားရတယ်။ အဟော အပြောလဲရပ်ထားရတယ်။ ဆရာ့ ကျန်းမာရေးမ ကောင်းလို့ဆိုပြီး သတင်းလွှင့်ထားတယ်တဲ့။
ငါက တောပြန်တယ်ဆိုပေမယ့် ဝေးတာမှမ ဟုတ်ပဲ။ မှော်ဘီအနီးက မြောင်းတကာရွာမှာနေနေ တာ။ မြောက်ဥက္ကလာပနဲ့ မြောင်းတကာ ဆိုတာတစ် နေ့သုံးလေးငါးခေါက်အသွားအပြန်သွားလို့ရတယ်။
ဒါပေမယ့် ငါမလာပါဘူး။ ရပ်ကွက်ထဲမှာ ငါ့လူတွေရှိတယ်။ မျက်စိပေါင်းများစွာ နားပေါင်း များစွာ။
ဘာကြားလို့လဲ အဲ့ဒီကောင်မလေးနဲ့ ခြောက် လလားပေါင်းလိုက်ရတယ်။ သူမနေနိုင်တော့ဘူး။  အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့အိမ်ပေါ်ကဆင်းခဲ့ရတယ်။ အိမ်ကိုတော့ ကောင်မလေးကိုပဲ ပေးလိုက် ရတယ်။
ငါ့ဆီရောက်လာတယ်။ မျက်နှာငယ်လေးနဲ့။
သူ့ကျောမှာ ဒဏ်ရာတွေနဲ့ဆိုတာ သူမှ သူအစစ်။ ရှက်ဖို့လဲကောင်းတယ်။ ဒီအမည်းစက် ကြီးကို ဒီတစ်သက် ဖျက်လို့ကော ရပါဦးမလား။ မရနိုင်တော့ဘူး။
ငါ့ဆီမလိုက်လာလို့လဲ မဖြစ်ဘူး။ သူ့မှာ ရှိရှိ သမျှကုန်ပြီ၊ ဟိုကောင်မက ဘာတစ်ခုမှချမ်းသာမ ပေးဘူး။
ငါ့မှာက စိန်နားကပ်တစ်ရံနဲ့ ဆွဲကြိုးတစ်ကုံး အပြင် လက်ဝတ်လက်စားတွေ ရှိသေးတယ်။
ဒီလူ နောင်ကြဉ်လောက်ပြီလို့ ငါတွက်တယ်။ ဒါကြောင့် သူပြန်ကပ်လာတာကို လက်ခံလိုက်တာ။
သားထောက် သမီးခံမရှိပေမယ့် သံယောဇဉ် ကတော့ ရှိတာပေါ့။ ငယ်ပေါင်းကို။ ဒီတော့ သူနဲ့ပဲပြန် လိုက်လာခဲ့တယ်။
မြောက်ဥက္ကလာမှာပဲ ပြန်အခြေချတယ်။ အတွင်းပစ္စည်းတွေကို ထုခွဲတယ်။ အိမ်တစ်အိမ်ငှား လိုက်တယ်။
ခုမှ ပြန်ပြီး နာလန်ထူလာတာ။ အိမ်ကြီး ရခိုင်နဲ့ ပြန်ဖြစ်လာတယ်။ ခုတော့ကျောင်းမှန်း ကန်မှန်းသိသွားပြီး။ အရက်ကလေးဖြတ်ဖို့တော့ ကျန်သေးတယ်။
အဲ့ဒီအရက်လဲ သေကာမှ ပြတ်မယ်ထင် ပါတယ်။

Spread The Love, Share Our Article

Related Posts

No Response to "ခွေးခြင်္သေ့"

Add Your Comment