ကျွန်မတို့မြန်မာ့ရိုးရာဓလေ့ထုံးစံအရယုံကြည်စွာ
လက်ခံထားတဲ့ စနစ်တစ်ခုကတော့ ဇာတာဖွဲ့ခြင်းပဲဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အိမ်ဦးခန်းမှာ
ဝါးကျည်တောက်ကလေးတွေနဲ့ ရယ်၊ ဗူးကလေးတွေနဲ့ရယ်၊ ဇာတာလေးတွေ ဟာလဲ များသောအားဖြင့် ထန်းရွက်နဲ့
ဇာတာ ပြုလုပ်ကြတာ များပါတယ်။
အိမ်ဦးခန်းမှာအခန့်သားနေရာရနေတဲ့ဇာတာလေးတွေမှာ ဘာတွေပါတယ်။ ဘယ်သဘောတရားနဲ့ပြုလုပ်ထားသလဲ၊
ဘာကြောင့် ဇာတာဖွဲ့ကြသလဲဆိုတာ သိတဲ့သူ ခပ်နည်းနည်းပါ၊ ဒါကလဲ သာမန်လူပြိန်းတွေအပြစ်မဟုတ်ပါ။
ဗေဒင်ဆရာတွေက ကောင်းတယ်ဆိုရင် များသောအားဖြင့် မျက်စိမှိတ်ပြီး ထန်းရွက်နဲ့ ဇာတာဖွဲ့တဲ့သူကများပါတယ်။
ထန်းရွက်ဇာတာမှစက္ကူဇာတာ၊ပလပ်စတစ်ဇာတာ၊ ငွေပြားဇာတာ၊ ရွှေပြားဇာတာ၊
ဆင်စွယ်ဇာတာ၊ ကြေးပြားဇာတာ အသီးသီး ဖွဲ့ကြတာတွေ တွေ့ရပါလိမ့်မယ်။ ပန်းဆိုးတန်း လမ်းက
အမျိုးသားပြတိုက်မှာသီပေါမင်းရဲ့ရွှေပြားဇာတာကိုသွားကြည့်နိုင် လေ့လာနိုင်ပါတယ်။
အခု ဒီဆောင်းပါးကလေးတော့ ထန်း ရွက်နဲ့ဇာတာဖွဲ့ရခြင်း ရည်ရွယ်ချက်၊
ဇာတာ မှာပါတဲ့အကြောင်းအရာတွေကို မြန်မာယဉ်ကျေးမှုတစ်ခုဖော်ထုတ်တဲ့အနေနဲ့ရေးထားတာပါ။
ဇာတာဖွဲ့ဖို့ တောင်းဆိုခြင်း၊ မျှော်လင့် ချက်ပေးခြင်း၊ မြှောက်စားခြင်း မဟုတ်ပေ၊ ဇာတာကောင်းကြောင်း
ကြော်ငြာမဟုတ်ပါ။
မြန်မာတိုင်း မြန်မာပြည် ထန်းရွက် ဇာတာနဲ့ပတ်သက်လို့ လူတိုင်းသိသင့်တဲ့
အတွက် ဗဟုသုတအဖြစ် သက်သက် တင်ပြရခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ ရှေ့ဆက်ဖတ် ကြည့်ရအောင်။
ဇာတာဆိုတာဘာလဲ
အခုချိန်ကစပြီး ဇာတာဆိုတာဘာလဲ ကျွန်မပြောပြမယ်၊ ဇာတာဆိုတာ မှတ်စာပါ။
ဘာမှတ်စာလဲဆိုတော့ ရှင်တို့၊ ကျွန်မတို့ မွေးတဲ့အချိန်မှာ ကျွန်မတို့ခေါင်းပေါ်မှာ ရှိနေတဲ့
ဂြိုဟ်တွေဟာ ဘယ်နေရာမှာ ရောက်နေတယ်။ ကျွန်မတို့မွေးတဲ့အချိန်မှာ အရှေ့ မိုးကုတ်စက်ဝိုင်းမှာ
လင်းနေတဲ့ ကြယ်တာရာ တွေဟာ ဘယ်ရာသီမှာ ရောက်နေတယ် ဆိုတာ ကျွန်မတို့ဟာ ဘယ်နက္ခတ်နဲ့ယှဉ်
တယ်၊ ကျွန်မတို့ဟာ ဘယ်နှစ်၊ ဘယ်လ၊ ဘယ်နေ့၊ဘယ်အချိန်စသည်တို့ကိုမှတ်ထားတဲ့ ထန်းရွက်ကို
ဇာတာလို့ ခေါ်ပါတယ်။
ဒါဖြင့် ဒီဇာတာမလုပ်ပဲ နေလို့ ရသလားလို့မေးစရာအကြောင်းရှိတယ်၊
ရတာပေါ့။ တစ်ခုတော့ရှိတယ်။ ရှင်တို့မွေးသက္က ရာဇ်ကို မှတ်ထားနိုင်ရင် ဇာတာမလိုပါဘူး။
လူတွေဟာ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်ကြတော့ ဘယ်မှတ်မိလိမ့်မလဲ၊ ဒါကြောင့် ဇာတာလုပ် ထားရတာပေါ့။
ဇာတာကို ဘာကြောင့် ထန်းရွက်နဲ့ လုပ်ကြသလဲ
ဒီနေရာမှာ ကျွန်မဟာ ရှင်တို့ကို ရိုးရာဓလေ့ယှဉ်ပြီး ပြောပြရမယ်၊
အိန္ဒိယမှာ စက္ကူလိပ်နဲ့ ဇာတာလုပ်ကြတယ်၊ မွန်လူမျိုးတွေဟာ ၀ါးပေါ်မှာဇာတာလုပ်ကြတယ်၊ အဲသလိုပဲ
ကျွန်မတို့မြန်မာလူမျိုးဟာ ထန်းရွက်ပေါ်မှာ ဇာတာလုပ်ကြတယ်။
မြန်မာ့ရိုးရာဓလေ့ မှာလည်းကောင်း၊ သစ်ပင်များမှာလည်းကောင်း ထန်းပင်ဟာ
အရေးပါ အရာရောက်ပါတယ်၊ မင်္ဂလာရှိတဲ့ အပင်၊ အသက်အရှည်ဆုံးအပင်၊
ပဒေသာပင်လို့ သတ်မှတ်ကာ (သပြေပင်၊ အုန်းပင်၊ ထန်းပင် သုံးမျိုးကို မြန်မာလူမျိုးတွေရဲ့
မင်္ဂလာပွဲတိုင်းမှာ အသုံးပြုကြတယ်။)
မင်္ဂလာပွဲဆိုရင်သပြေညွှန့်ဟာအရေးအကြီးဆုံးအသုံးအဆောင်တစ်ခုအဖြစ်အသုံးပြုကြတယ်။
အဲသလို လက်ထပ်မင်္ဂလာပွဲနဲ့ တစ်ခြားပွဲတွေမှာ အုန်းညွှန့် အုန်းပင်ပေါက်ဟာ မပါမဖြစ်တဲ့
အပင်ဖြစ်တယ်၊ အဲ ထန်းကျပြန်တော့ ပင်စည်ကနေ တစ်ပင်လုံး လူ့အကျိုးဆောင်တဲ့ အပင်ဖြစ်တယ်လို့
ယူဆ ကြတယ်။
သစ်ပင်တွေထဲမှာ အသက်ရှည်ဆုံး လည်း ဖြစ်တယ်။ အဲဒါကြောင့် ထန်းပင်ရဲ့
အရွက်ကို မင်္ဂလာယူပြီးထန်းရွက်နဲ့ ဇာတာဖွဲ့ တာပါ၊ ရိုးရိုးစာရွက်နဲ့သော်လည်းကောင်း၊
ကြေးပြား၊ ဆင်စွယ်၊ ပလပ်စတစ်ပြား အားလုံးမှာ ဇာတာလုပ်လို့ရသားပဲ၊ မလုပ်တာက ထန်းပင်ဟာ
ပဒေသာပင်လုပ်လို့ရသားပဲ၊လုပ်တဲ့ဇာတာရှင်ရဲ့ စီးပွားရေး၊ ကြီးပွားရေး၊ ငွေကြေးဥစ္စာဟာ
ပဒေသာပင်လို အသုံးချသလို ထန်းရွက်နဲ့ ကြေးဥစ္စာဟာ ပဒေသာပင်ကြီးလို ကြီးပွားတိုးတက်ပါစေတော့ဆိုတဲ့
ဆန္ဒနဲ့ လုပ်ကြတာပါ။
ဇာတာနဲ့ ရက်ချုပ်
ဇာတာဆိုတာ စာကြောင်းရေအားဖြင့် ၇ကြောင်းရှိတာကို ခေါ်တယ်။ ရက်ချုပ်ဆိုတာ
စာကြောင်းအရ ၅ကြောင်းရှိတာကို ခေါ်တယ်။ ရက်ချုပ်ကို ကလေးတစ်ယောက်မွေးပြီးတာနဲ့ လုပ်ရနယ်။
ကလေး ၁၆နှစ်ကျော်ရင် ဇာတာ ပြန်လုပ်ရတယ်လို့ အဆိုရှိတယ်။
တစ်ချို့မွေးကတည်းက ဇာတာလုပ်ထား ရင် ပိုကောင်းတာပေါ့လေ တစ်ခါတည်းနဲ့
ကိစ္စပြီးတာပေါ့။ ဇာတာမှာ စာကြောင်းရေ ၈ ကြောင်းထက် မပိုအောင် ရေးကြတဲ့ အဓိပ္ပာယ်က ၇ရက်သားသမီး
အားလုံးမေတ္တာ ခံယူနိုင်သူ ဖြစ်ရပါစေသားဆိုတဲ့ မေတ္တာခံ ယူသဘောနဲ့ ရေးကြတာပါ။
ရက်ချုပ်မှာ စာကြောင်းရေ ၅ကြောင်း ရေးတာကတော့ ငါးနှစ်အထိ မိဘရင်ခွင်မှာ
နေရတဲ့အတွက်ဖြစ်တယ်။ မိဘနှစ်ပါး မေတ္တာ ခံယူထားနိုင်သူ ဖြစ်ပါစေလို့ မေတ္တာခံယူတဲ့ သဘောနဲ့
ရေးကြတယ်။
ကဲ ကြည့်စမ်း။ ကျွန်မတို့တွေရဲ့ ဇာတာမှာ စာကြောင်းကစပြီး ရည်ရွယ်ချက်ရှိ
ပြီးသားပါ။ ပြီးတော့ စာကြောင်းတွေရဲ့ ဘေးမှာပါတဲ့(စ) (ဓ) (ဗ) (၀)တို့ဟာ ဤဇာတာရှင်ကို
သူတော်စင်များ စောင့်ရှောက်ပါစေသားဆိုပြီး ဆုတောင်းထားတဲ့ သဘောပါ။ အဲသလိုပဲ ဇာတာတစ်ချို့မှာ
(ဗု) (ဓံ) (သံ) (ဒေ)လို့ ရေးထားတာက ဘုရား၊ တရား၊ သံဃာ၊ နတ်ဒေ၀ါတို့ ဤဇာတာရှင်ကို စောင့်ရှောက်
ပါစေလို့ ဆုတောင်းတဲ့သဘောပါ။
ဇာတာမှာ ဘာတွေရေးရသလဲ
ဇာတာတစ်စောင်မှာကြောင်းရေ၇ကြောင်းရှိတယ်ဆိုတာ ကျွန်မပြောပြီးပြီ၊
စာ ၇ကြောင်းပြည့်အောင် လျှောက်ဖြည့်ရေးထား တာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့ သူ့အရာ အားလုံး
ရှိပြီးသားပါ။
ပထမ အခုယုဂ်ဟာ ကလိယုဂ်မို့ ဇာတာမှာ ဇာတာရှင်ရဲ့ မွေးတဲ့နှစ်ကို
ထည့်ရတယ်၊ ပြီးတော့ ဒီဃရသနှစ်ကြွင်းကို ထည့်ရတယ်၊ မွေးသက္ကရာဇ်ကို ရေးရမယ်။ (နှစ်ကြွင်းဆိုတာ
မွေးသက္ကရာဇ်ကို ၁၁၀၀ နှစ်ဖြိုလို့ ကျန်တဲ့ နှစ်ကို ဆိုလိုတာပါ)
ပြီးတော့ မွေးလ၊ မွေးရက်၊ မွေးနေ့၊ မွေးချိန်၊ (အင်္ဂလိပ်) ခုလရက်ပါ
ရေးရတယ်။ မြန်မာနာရီကျော်နာရီလဂ်စန်း ဟောရတ်တြင်း န၀င်း လဂ်စီးနက္ခတ်၊ နေရိပ်ဖ၀ါး(ညမွေးဆိုရင်
မွန်းတည့်နက္ခတ်ပါရတယ်) နာမည် အသီးသီး ရေးရပါတယ်။
ဘာကြောင့် တိုင်ဆယ်ပါးတွက်ရသလဲ
ရှေ့မှာ စာညှင်းရေးရတဲ့ အပိုင်းတွေကို
ရှင်းပြပြီးပြီ၊ အခုကျန်တဲ့ဘက်မှာပါတဲ့ တိုင် ဆယ်ပါး၊ အဓိပတိ၊ ရာသီခွင်အကြောင်း(တြိစက္ကဆိုရင်
ဘာဝတွေရယ်၊ ဘာဝသန္ဒိရယ်၊ ထီးဖြူသန္ဒိနက္ခတ်တွေရယ်၊ ပထမ တိုင်ဆယ်ပါးလို့ဆိုတဲ့ သီရိအကြောင်းမှာဆယ်ခုပါအားလုံးကြောင်းရေသုံးဆယ်ပေါ့လေ။
အဲဒီအတွက် ၃၀က အပေါ်ဆုံး ၁၀ကွက်မှာ
ပုညဆင်ဖြူနက္ခတ်၊ သီရိနက္ခတ်၊ ဆင်ဖြူနက္ခတ်၊ ရတနာပုံနက္ခတ်၊ သုဝဏ္ဏ နက္ခတ်၊ တက္ကလ ၁၀ ကွက်ပါပါတယ်။
အဲဒီ ၁၀ ရတနာပုံကွက်ရဲ့ အဓိပ္ပာယ်က ဒီလို…..။
ပုည ။ ကုသိုလ်ကောင်းမှု မည်မျှ အကျိုးပေးမယ်ဆိုတာကို သိနိုင်တဲ့နက္ခတ် သိရန်
တွက်ခြင်း။
£ိဿရိယ။ ရည်ရွယ်ချက် အောင်မအောင် သိရန် တွက်ချက်ရခြင်း
ဖြစ်ပါတယ်။
သန္ဓေ ။ မွေးရာဇာတိ အရပ်နဲ့အကျိုး
ပေးမလဲဆိုတာ တွက်ရတာပါ။
ထီးဖြူ ။ အိမ်မြေတိုက်တာ အဆောက်အအုံပိုင်မပိုင်ကို
တွက်ရတာပါ။
သီရိ ။ သြဇာအာဏာနဲ့ နာမည်ကျော်စောမှု
ရှိနိုင်မရှိနိုင်ကို တွက်ချက်ရတာပါ။
ဆင်ဖြူ ။ ဘယ်အလုပ်အကိုင်မျိုးနဲ့
အကျိုးပေးမယ်ဆိုတာကို တွက်ချက်ရတာပါ။
ရတနာပုံ။ ဘယ်လိုရတနာမျိုးနဲ့အကျိုးပေးမယ်ဆိုတာကို တွက်ချက်ရတာပါ။
သုဝဏ္ဏ ။ ရွှေနဲ့အကျိုးပေးမပေးကို
တွက်ချက်ပြည်စန်းရတာပါ။
တက္ကလ ။ မနေ့နဲ့ ဒီနေ့ရဲ့ သုဒ္ဓဒိန်နဲ့ မြန်မာနာရီဗီဇနာ ခရာရေးရတာပါ။ တိုင်ဦး
ဆည်တိုင်ပထမတန်းပေါ်က ဆယ်ကွက်ကိုသိ ရပြီ ဒုတိယတန်း မိတ္တူတိုင်ပေါ်က ဆယ်ကွက်ကတော့ သိဖို့လွယ်ပါတယ်။
ဘာလဲဆိုတော့ တနင်္ဂနွေဂြိုဟ်ကနေ ကိတ်ဂြိုဟ်ရယ် အထိ ဂြိုဟ် ၉လုံးနဲ့ လဂ်အပါအ၀င်တို့ဟာ
ဘယ်ရာ သီ၊ ဘယ်ဓာတ်တိုင်အံသာ၊ ဘယ်လိတ္တာ၊ ဘယ်အနုလိတ္တာမှာ ရှိတယ်ဆိုတာကို ဖော်ပြ ထားတာပါ။
တတိယတန်းဆယ်ကွက်မှာ တိထိနက္ခတ်၊ အမြင်နက္ခတ်၊ တနင်းလာစန်းစီနက္ခတ်၊
အမြင်နက္ခတ်၊ တနင်းလာ စန်းစီနက္ခတ်(စင်နက္ခတ်)၊ ပြည်စန်းနက္ခတ်၊ ထိုင်ဦးနက္ခတ်၊ ဆည်တိုင်၊
မိတ္တူတိုင်၊ ဓာတ်တိုင်၊ စုတ်တိုင်၊ အထွန်းတိုင်၊ အထွန်းတိုင်အားလုံး ဆယ်ကွက်ရှိပါတယ်။
အဲဒီ ၁၀ကွက်ရဲ့ အဓိပ္ပာယ်ကတော့…..။
တိထိ ။ အိမ်မြေတိုက်တာဆောက်ရာü တိထိ မြေခံကြီးများနဲ့
ဂြဟဇာရွေးဖို့ တွက်ရတာပါ။
အမြင် ။ မွေးချိန်မှာ ကောင်းကင်မှာ
တွေ့နေရတဲ့ မျက်မြင်နက္ခတ်ကို တွက်ရတာပါ။
စင်နက္ခတ် ။ တနင်းလာ ဘယ်နက္ခတ်နဲ့ စန်းယှဉ်သလဲဆိုတာ တွက်ရတာပါ။
ပြည်စန်း။ ဘယ်တိုင်းပြည်၊ ဘယ်လူမျိုး၊ ဘယ်ဟာနဲ့ အကျိုးပေးသလဲဆိုတာ တွက်ရ တာပါ။
တိုင်ဦးဆည်တိုင်မိတ္တူတိုင် ။ အရွယ်သုံးပါ ဘယ်အချိန်မှာ အကျိုးပေးမလဲဆိုတာ တွက်ရတာပါ။
ဓာတ်တိုင် ။ မင်းစိုးရာဇာနဲ့ အကျိုးပေးမပေး သိရအောင် တွက်ရတာပါ။
စုတ်တိုင် ။ အိမ်ထောင်ဖက်နှင့် ပတ်သက်တဲ့အကြောင်း သိရအောင်တွက်ရတာပါ။
အထွန်းတိုင်။ ခိုင်မာတောင့်တင်းတဲ့ကိစ္စတွေအောင်မြင်ရအောင် ရှောင်ဖို့၊
ဆောင်ဖို့တွက်ရ တာပါ။
ကဲ….ကျွန်မတို့ဟာ တိုင်ဆယ်ပါးကိုလဲ သိပြီ၊ ထပ်ပြီးအဓိပတိပြာဿဒ်နဲ့
အလယ်မှာ ထီးထီးရပ်နေတဲ့ တိုင်အကြောင်းပြောပြမယ်၊ အဓိပတိတိုင်းမှာ ၅ဆင့်ရှိတယ်။ ဘာကြောင့်
အဓိပတိနက္ခတ် တွက်ရလဲဆိုတော့ ဇာတာရှင် ဟာ ဘယ်အချိန်မှာ ဘယ်လောက်အကျိုးပေး မလဲဆိုတာ သိနိုင်အောင်
တွက်ချက်ရတာပါ။
ပြီးတော့ အဓိပတိနက္ခတ် ၃လုံးပေါင်းရင် အဓိပတိယောဂ နက္ခတ်သုံးလုံးရောရာဇ၊
သုံးလုံးရော ပုတိ၊ သုံးလုံးရောဘင်္ဂ၊ သုံးလုံးရော သောက၊ သုံးလုံးရော ရသ၊ သုံးလုံးရော
သီရိ၊ သုံးလုံးရောရင် အဓိပတိနက္ခတ်ပြန်ဖြစ်ပါတယ်။
အဲ….အဓိပတိနက္ခတ်အကြောင်း ကျွန်မတို့ နားလည်ပြီဆိုရင် တြိစက္က အကြောင်း
ဆက်ရအောင်။
တြိစက္ကဇာတာကွက်တွေ
တြိစက္ကဇာတာ အကွက် ၇၀ရှိပါတယ်။ ရိုးရိုးသာမန်ဇာတာမှာ အကွက်၃၀ပဲရှိပါတယ်။
အကွက် ၃၀ဟာ တြိစက္ကမှာ ဒီအတိုင်း ပြန်လည်ပြီး ကျန်တဲ့အကွက် လေးဆယ် မှာတော့ ဘာဝရာသီ၊
အံသာ၊ လိတ္တာ၊ အနံ့လိတ္တာ ၅ဆင့်ဖြစ်တဲ့ တနုကဗျာယအထိ ၁၂ကွက်ကို ထည့်ရပါတယ်။
ပြီးတော့ ဒီဘာဝတွေမှာရှိနေတဲ့ ဂြိုဟ်တွေဟာ ဘယ်ဘာဝနဲ့ ဘယ်ဘာဝကြားမှာ
ရှိနေတယ်ဆိုတာ သိရအောင်တွက်ရတဲ့ ဘာဝ သန္ဒိ ၁၂ခုကို တွက်ရပါတယ်။
အဲ………...ဘာဝရယ်၊ ဘာဝသန္ဒိနက္ခတ်တွေရယ်။ အားလုံးပေါင်းလိုက်ရင် ၃၆ကွက်
ပြည့်သွားပါတယ်။ ကျန်တဲ့လေးကွက်မှာ ကာလဂြိုဟ်နဲ့ မန္ဒိဂြိုဟ်နှစ်မျိုးကို တွက်ရပါ တယ်။
ကျန်တဲ့နှစ်ကွက်မှာ ဒသာတွက်ရ လွယ်တဲ့ သက်စစ်သက်မှတ် တွက်ရတဲ့နေရာ
မှာ အထောက်အကူပြုတဲ့ ဿဝနနှစ်ကို ထည့်ပါတယ်။ နောက်ဆုံးကျန်တဲ့ အကွက်မှာ တော့ ဘာဝနဲ့
သန္ဒိနှောရတဲ့ နှောကိန်းကို ဖော်ပြရပါတယ်။
အဲဒီလိုဆိုရင်အကွက်လေးဆယ်ဟာပြည့်သွားရောပေါ့။
ကျွန်မအနေနဲ့ကတော့ ကာလဂြိုဟ်နဲ့ မန္ဒိဂြိုဟ်တွက်မယ့် အစား စန်းပုညလဂ်ပုညကို
တွက်ပါတယ်။
စန်းပုည၊ လဂ်ပုညဆိုတာ စန်းနဲ့လဂ်ရဲ့ အားကို ဆိုလိုတာပါ။
ရာသီခွင်ပေါ်က အမှတ်အသားတွေ
တိုင်၁၀ပါးရယ်၊ အဓိပတိရယ် တြိစက္က အကွက် ၇၀ရယ် သိကြပြီး အခုရာသီခွင်မှာ
ပါရတဲ့ ဗဟုသုတတွေကို ကျွန်မ ရှင်းပြပါမယ်။
ရာသီခွင်ကို အထပ် ၃ထပ်ရှိပါတယ် (အခုနောက်ပိုင်းတော့ ဘုရားအဖြစ်တော်ပေါင်း
ကလွဲလို့ ကျန်နှစ်ထပ်ကို မထည့်တော့ဘူး၊ အဲဒီအစား ယိုးဒယား ကနုတ်ပန်းတွေကိုတော့ ထည့်ထားတယ်)
အပေါ်ဆုံးအထပ်မှာ (၁၆၊၉၊၄၊၅၊၃၊၆၊ ၁၅၊၁၀၊၁၃၊၁၂၊၁၊၈၊၂၊၇၊၁၄၊၁၁)တို့
သင်္ချာတွေ ရေးထားတာ တွေ့ရလိမ့်မယ်။
အဲဒီဂဏန်း ၁၆လုံးရဲ့ အဓိပ္ပာယ်က တော့ -
မြတ်စွာဘုရားရဲ့အံ့ဖွယ်၁၆သွယ်လောကုတ္တရာ ၉ပါး
ကျွန်းကြီးလေးကျွန်း မြစ်ကြီး ၅သွယ်
ပိဋကတ် ၃ပုံ နတ်ပြည် ၆ထပ်
စရဏသစ္စာ ၁၅ပါး သီလ ၁၀ပါး
ဓူတင် ၁၃ပါး ယမိုက် ၁၂ပါး
သဗ္ဗညုတရွှေဥာဏ်တော်တစ်ပါး မဂ္ဂင် ၈ပါး
ခြေတော်ရာ ၂ဆူ ဗောဇ္ဈင် ၁၄ပါး
ဗိဿနိုးမင်းရဲ့၁၁ဘ၀တို့ကဇာတာရှင်ကို
ကာကွယ်စောင့်ရှောက်ပြီး ဘ၀စည်ပင်ယာ အောင်မြင်အောင်မှိုင်းမတော်မူပါလို့ ဆုတောင်းမေတ္တာပို့ထားခြင်း
ဖြစ်ပါတယ်။
ဒုတိယအလယ်ထပ်မှာတော့(၁၆၊၉၊၆၊၃၊၅၊၄၊၁၅၊၁၀၊၁၁၊၁၄၊၁၊၈၊၂၊၇၊၁၂၊၁၃)လို့
ရေးထားပါတယ်။
အခုနောက်ပိုင်းတော့ ဂဏန်းတွေအစား
ဖြစ်တော်ပေါင်းကို အရုပ်နဲ့ သရုပ်ဖော်ကြပါတယ်။
အဲ့ဒီဂဏန်းတွေရဲ့ အဓိပ္ပာယ်ကတော့
မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့-
ကြိုးကြာဘ၀က ၁၆ခါ ဟင်္သာမင်းဘ၀က ၉ခါ
ခိုမင်းဘ၀က ၆ခါ ကျေးညိုဘ၀က
၃ခါ
ကရ၀ိက်ဘ၀က ၆ခါ ကိန္နရာဘ၀က ၄ခါ
ဇာမနီဘ၀က ၁၅ခါ မျောက်ဘ၀က ၁၀ခါ
ဆင်ဘ၀က ၁၁ခါ နွားဘ၀က ၁၄ခါ
သိန္ဓောမြင်းဘ၀က ၁ခါ ကျွဲဘ၀က ၈ခါ
ဥဒေါင်းဘ၀က ၂ခါ သာလိကာဘ၀က ၇ခါ
ကြက်ဘ၀က ၁၂ခါ ၀က်ဘ၀က ၁၃ခါ
ဖြစ်ခဲ့သော မြတ်စွာဘုရား၏ ဖြစ်တော်ပေါင်းတို့ဇာတာရှင်ကို ကင်းဝေးစေဆိုတဲ့သဘောနဲ့
ရေးဆွဲထားတာပါ။
နောက်ဆုံးအထပ်မှာပါတဲ့သင်္ချာကတော့(၃၊၇၊၅၊၄၊၆၊၁၊၉၊၅၊၂၊၈၊၉)လို့
ရေးဆွဲထားတာတွေ့ရလိမ့်မယ်။
အဲ့ဒီအဓိပ္ပာယ်ကတော့-
ခြသေ့င်္မင်း ၃ဘဝ
ပိဿနိုးမင်း ၅ဘဝ
ဝိသရောနတ်မင်း ၆ပါး
ဘီလူးအာဠာဝကနတ်မင်းကြီး ၁ပါး
သုဒ္ဓါဝါသဗြဟ္မာကြီး ၅ပါး
ရဟန္တာ ၈ပါး
နဂါးမင်း ၇ဘဝ
စတုမဟာရာဇ်နတ်မင်းကြီး ၄ပါး
£ဒေ၀နတ်မင်း ၅ပါး
ဒေ၀ီ ၉ပါး
စက္က၀တ်နတ်မင်း ၂ပါး
ကမ္ဘာစောင့်နတ်ကြီး ၉ပါးတို့က ဇာတာရှင်ကို ကာကွယ်စောင့်ရှောက်ထားသဖြင့်ဘေးရန်အန္တရာယ်ကင်းပါစေဆိုတဲ့သဘောနဲ့
ရေးကြတာပါ။
ဇာတာဘေးမှာပါတဲ့ အကွက်ကလေးတွေမှာ
ကမ္ဘာမိတ်ရန်ဖြစ်တဲ့ အောင်ပကုလား ဆွေသားတော်ရင်းဆိုတဲ့(၁၊၅၊၂၊၄၊၃၊၆၊၀၊၈၊)သင်္ချာတွေကို
ဆက်ပြီးအကွက်မပြည့်မချင်း ရေးကြတာပါ။
အခုတော့ အဲဒီအကွက်တွေအစား ယိုးဒယားပန်းကွက်တွေ ရေးဖြည့်ထားကြတာကို
တွေ့ရပါလိမ့်မယ်။
ဒါကြောင့်ရှင်တို့ကျွန်မတို့ဇာတာကိုဘေးရန်အန္တရာယ်အသွယ်သွယ်က
ဆုတောင်းပြီး လုပ်ကြတယ်ဆိုတာ ဗဟုသုတအဖြစ်သိရအောင် ကျွန်မဆက်လက်ရှင်းပြပါမယ်။
ဇာတာတစ်စောင်ကို
ထိန်းသိမ်းထားနည်း
ဒီခေါင်းစဉ်ကိုကြည့်ပြီး ဇာတာကိုဘာများထိန်းသိမ်းထားစရာရှိလို့
ဒီအတိုင်းထားယင် ဘာဖြစ်မလဲလို့ ပြောမယ်၊ အခု ကျွန်မပြောပြချင်တာက ဇာတာဆိုတာ မလုပ်ယင်
ကိစ္စမရှိဘူး၊ ဇာတာရှိတယ်ဆိုယင် သူ့အထိုက်နဲ့သူ့အလျောက် ထားနိုင်ရမယ်။ ကျွန်မပြောပြသလို
ဒင်းတို့ကလဲ သူများကို တစ်ဆင့်ပြန်ပေးနိုင်အောင် ပြောပြရတာပါ။
ဇာတာတစ်စောင် အိမ်မှာရှိတယ်ဆိုရင် အဲဒီဇာတာကို အိမ်ကဘုရားစင်
ညာဘက်မှာထားရမယ်။ အဲ….ထားပုံထားနည်းက ရာသီခွင် (စက်ဝိုင်း)ကို အောက်ကထားရတယ်။ ဘာကြောင့်
အောက်ကထားရသလဲဆိုတော့ တဘက်ပါ စာညင်းကိုကြည့်ပါ။ အောင်ဇေယျတုစတဲ့စာတွေဟာ အောက်ကနေပြီး
အပေါ်ကို တက်နေတာတွေ့ရလိမ့်မယ်။ အဲသလိုပဲ ရှင်တို့ကျွန်မတို့ရဲ့ ကံကြမ္မာဟာ တက်ပါစေဆိုတဲ့
ရည်ရွယ်ချက်စက်ဝိုင်းအောက်ကထားပြီးထောင်ထားရတာပါ။
ပြီးတော့ ကိုယ့်အသက်အိမ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ လုပ်တဲ့ဇာတာကို
တစ်ယောက်တည်းနဲ့ ဇာတာနှစ်စောင်မထားကောင်းဘူးလို့ အဆိုရှိတယ်။ ဒါကြောင့် အိမ်မှာ ဇာတာနှစ်စောင်ရှိရင်
တစ်စောင်ကို ရေထဲ မျှောပစ်ရတယ်။
နောက်ဇာတာဟာ ကျိုးနေမယ်၊ ပဲ့နေမယ်၊ ပိုးထိုးနေမယ်ဆိုရင်လည်း
ဇာတာအသစ်လုပ်ရပါတယ်။ အနာအဆာရှိနေတဲ့ ဇာတာကို မထားရဘူး။ အဲ…..ငွေမရှိလို့ ဇာတာမလုပ်နိုင်ဘူးဆိုရင်
ခု၊ လ၊ ရက်၊ နာရီနဲ့ ရာသီခွင်ကို စာအုပ်ထဲမှတ်ပြီး ရေမျှောရတယ်၊ ငွေရှိမှအသစ်ဖွဲ့တာပေါ့
ဟုတ်လား။
ဇာတာရေမျှောနည်း
ရေမျှောရတဲ့နည်းကတော့
ကိုယ့်မွေးနေ့ ရေတက်နေအချိန်(မနက် ၆နာရီမှ ၈နာရီအတွင်း)မှာ ဇာတာကို အ၀တ်ဟောင်းနဲ့ပတ်၊
အဲဒီအ၀တ်ဟောင်း မှာ ဆန်တစ်ဆုပ်၊ မြေဇာမြက်တစ်ဆုပ်၊ ကြေးနီပိုက်ဆံ တစ်ပြား၊ သံချောင်းတစ်ချောင်းထည့်ပြီး
မြစ်ဆိပ် ရေရှင်မှာ ကိုယ့်ရဲ့မကောင်းတဲ့ ကံတွေပါသွားပါစေ လို့ ဆုတောင်းရေမျှောရပါတယ်။
ကဲ…..ဇာတာနဲ့ပတ်သက်လို့
ဗဟုသုတတွေ သိရပြီ။ ကျေနပ်ပါတော့နော်…..။
No Response to "စကားပြောသော ထန်းရွက်ကလေးများ"
Add Your Comment