ရွှေဗဟို စည်သံများ ကိုလှ
မကြားရ
ကြာချေပြီ
လေးလ
ရာသီ
တိုင်း
ဌာနီရယ်လေ
မဟုတ်ကယ်ပါပြီလို့
ကြက်သံကို
ဗဟိုပြုရတယ်
တောသူ
ရွာမို့
ရှင်းနေပါတယ်၊
မြို့ကြီးပြကြီးမဟုတ်တဲ့ ကျေးလက်တောရွာနေ အများပြည်သူတွေဟာ ဘယ် နှစ်နာရီထိုးပြီ၊
ဘယ်အချိန်ရှိပြီဆိုတာကို သိချင်ယင် ကြက်တွန်သံကို နားစွင့်နေကြပါတယ်၊ ဒါကလဲ
အမှန်ပါ။
ကြက်ဆိုတဲ့
သတ္တ၀ါဟာ တစ်နေ့လုံး တွန် နေတတ်ပါတယ်။ တွန်သံဟာလည်း အနက် အဓိပ္ပာယ်အလိုက်
ကွဲပြားတတ်ပါတယ်။
ကြက်တွန်သံဟာ
နေ့အခါမှာ တစ်ခြားအသံ ဗလတွေကြောင့် မပေါ်လွင်လှတဲ့အတွက် ကြက်တွန် သံကိုနားစွင့်ပြီး
ဘယ်အချိန်ရှိပြီ (၀ါ) ဘယ်နှစ်နာရီ ထိုးပြီဆိုတာကို ခန့်မှန်းဖို့ မလွယ်ဘူးလို့
ထင်ရဖို့ ရှိပါတယ်။
အမှန်တော့
ဒီလိုမဟုတ်ပါဘူး၊ အခါအား လျော်စွာ ကြားရတဲ့ ကြက်တွန်သံတိုင်းဟာ ဘယ် အချိန်ဆိုတာကို ပြဆိုနေကြောင်း သတိထားကြည့်ယင်
သဘောပေါက်လာပါလိမ့်မယ်။
ကြက်တွန်သံ
(၀ါ) ကျေးလက်တောရွာတွေ ရဲ့ သဘာဝနာရီသံဟာ ကျေးလက်တောရွာတွေမှာ
ညအခါပိုပြီးသိသာပေါ်လွင်နေတာကို သတိထားယင် ကြားခွင့်ရမှာပါပဲ။
ကြက်အိပ်ကြက်နိုးဆိုးတဲ့
ဆိုးရိုးစကားတစ်ခု ရှိပါတယ်၊ ကြက်ဆိုတဲ့ သတ္တ၀ါတွေဟာ အမြဲလိုလို
နိုးနိုးကြားကြားနေတတ်ကြပါတယ်။
ယခုခေတ်နာရီ
(၀ါ) စက်နာရီနှင့်ယှဉ်ပြီး၊ တိုက်ကြည့်တဲ့အခါ ညသန်းခေါင်ကာလမှာ ထင်ရှား
တဲ့ကြက်တွန်သံကို ကြားရမှာဖြစ်ပါတယ်။
ဒါကို
ဓလေ့အခေါ်အဝေါ်အရ (သန်းခေါင် ကြက်)လို့ သတ်မှတ်ပါတယ်၊ ဒီလိုအသံ၊ ဒီလိုအဆွဲ
အငင်မျိုးနဲ့ ကြက်တွန်သံကြားရယင် ဘယ်အချိန်ရှိပြီ လဲလို့ မေးစရာမလိုတော့ပါဘူး။
ညသန်းခေါင်ဆိုတာကို
တန်းပြောလို့ရပါပြီ။ ကြက်တွေဟာ ဒီအချိန်၊ ဒီအခါမှာ ဘာကြောင့်လူ တွေ
အချိန်အပိုင်းအခြားလုပ်ယူလို့ရလောက်အောင် ထူးထူးခြားခြား တွန်တယ်ဆိုတာ
အတိအကျသိရဖို့ မလွယ်ပေမယ့် ညတိုင်း ၁၂-နာရီ (သန်းခေါင်)မှာ
အချိန်မှန်တွန်လေ့ရှိတာကိုတော့ ထူးခြားတယ်လို့ပဲ ဆိုရမှာပါ။
ညတစ်နာရီမှာ
ကြက်တွန်သံကို ထူးထူးခြား ခြားကြားရဦးမှာဖြစ်ပါတယ်၊ ဒါကိုကြက်တွန်သံနာရီ
အခေါ်အဝေါ်အရ (ကြက်ဦးတွန်)၊ (တစ်ရေးနိုးချိန်)၊ (ကြက်တစ်ခါတွန်)စသဖြင့် ခေါ်ကြပါတယ်။
အကယ်လို့များ
ကြက်တွန်သံကို စိတ်ဝင်စား လို့နားနဲ့ ဆတ်ဆတ်ကြားချင်သပဆိုယင် ၁၂နာရီနဲ့
လေးနာရီကြားမှာ နာရီသံလို ထူးထူးခြားခြား အချိန် မှန်တွန်လေ့ရှိတဲ့
ကြက်သံတွေကိုစောင့်ပြီး နားသောတဆင်လို့ရပါတယ်။
နံနက်သုံးနာရီ
တုံးခေါက်သံ၊ (အုန်းမောင်း ခေါက်သံ)နဲ့ အဲဒီ့တစ်ဝိုက်မှာ ကြက်ရှိယင် ရှိသလောက်တွန်လေ့ရှိတဲ့ ကြက်တွန်သံတွေဟာ
မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါပေတယ်။
ဒါမှမဟုတ်
တစ်ညလုံး ကြက်အိပ်ကြက်နိုး သဘောမျိုးနဲ့ အိပ်လို့ ကောင်းကောင်းမပျော်တဲ့လူ
တွေအဖို့ ဆူညံနေတဲ့ ကြက်တွန်သံတွေကို ဒေါသ ဖြစ်မိကြမှာ သေချာပါတယ်။
ဒီအချိန်မှာ
တွန်တဲ့ တွန်သံတွေကို အထူး သတိထားပြီးနားထောင်ကြည့်တဲ့အခါ တွန်သံတွေ
ဟာအချိန်သိပ်မခြားလှပဲ၊ ဆက်ခါဆက်ခါဆိုသလို ကြားနေရတာကို တွေ့ရပေလိမ့်မယ်။
မိုးလင်းတော့မယ်၊
စောစောထသမားတွေ အသင့်လို့များ သတိပေးနှိုးဆော်နေရော့သလားလို့ တောင်ထင်ရပါတယ်။
ဒီကြက်တွန်သံတွေဟာ မနက်လေးနာရီ လောက်မှာပဲ
ပြတ်တောင်းပြတ်တောင်းဆိုသလို ကြားနေရတာပါပဲ၊ ဒီမျှလောက်ဆိုယင် ကြက်ဆိုတာ
ကျေးလက်တောရွာတွေမှာ စက်နာရီသံတွေပမာ သုံး ကြမှန်းသဘောပေါက်လာပါပြီ။
အခုပြောတဲ့
ကြယ်တွေလိုပဲ ကျီးတွေက လည်း အချိန်နာရီကြိုသတိပေးသလို အချိန်မှန်မှန် လှုပ်လှုပ်ရွရွ
အသံတွေပေးတတ်တာကို ညအခါ ဂရု တစိုက် နားထောင်ကြည့်ယင် ကြားရမှာဖြစ်ပါတယ်။
တောမှမဟုတ်ပဲ
ကျီးတွေအိပ်လေ့ရှိတဲ့ သစ် ပင်ကြီးတွေနဲ့ နီးတဲ့နေရာမှာဆိုယင် ကျီးတွေရဲ့
အချိန်မှန်မှန်အော်မြည်သံကို ကြားရပါလိမ့်မယ်။
ကျီးတွေဟာ
ကြက်တွေလိုပဲ၊ နိုးနိုးကြားကြား ရှိနေတတ်တဲ့ သတ္တ၀ါတွေပါ၊ သူတို့ရဲ့အော်မြည်သံ
တွေဟာ အချိန်နာရီကို တကူးတကန့် သတိပေးနေ တာပါလို့ မပြောနိုင်ပေမယ့်
အချိန်မှန်အော်မြည်ပုံ တွေကဖြင့် ထူးခြားလှပါတယ်။
ကျီးအိပ်ကျီးနိုးလို့
ဆိုရမလောက် ကျီးတွေ ဟာ နိုးကြားနေတတ်တာကို သတိထားကြည့်ယင် သိရပါလိမ့်မယ်၊
ညနှစ်ချက်တီးလောက်မှာ ကျီးတွေ ရဲ့အသံတွေဟာ ဆိတ်ငြိမ်နေတဲ့ညကို သိသိသာသာ
ကြီးဖောက်ထွင်းသွားနိုင်တာကို တွေ့ရပါတယ်။
မနက်လေးနာရီ၊
ညတာတိုတဲ့ ရာသီမှာဆို ယင်လေးနာရီဆိုတာ လင်းရောင်ခြည်စလာတဲ့အချိန် ပါပဲ၊
ဒီအချိန်တစ်ဝိုက်မှာ ကျီးတွေဟာ တစ်ချို့အိပ် ကောင်းအိပ်နေကြမှာ ဖြစ်ပေမယ့်
အတော်များများ ကတော့ နိုးနေကြပါပြီ။
ဘာကြောင့်လည်းဆိုတော့
ဂရုတစိုက် နား ထောင်ကြည့်တဲ့အခါ ဟိုက၊ သည်က ကျီးအာသံတွေ ကိုကြားနေရလို့ပါပဲ။
စာတွေမှာတော့
မနက်ငါးနာရီခွဲမတိုင်မီ လောက်ကို ကျီးမနိုးတနိုးလို့ ဆိုထားတာကို တွေ့ရ ပါတယ်၊
တကယ်တော့ နေ့တာရှည်တဲ့ ရာသီမှာဆို ယင်မနက်ငါးနာရီကျော်ကာလဟာ ကျီးတွေကောင်း
ကောင်းနိုးနေကြပါပြီ။
တစ်ခုပဲပြောစရာရှိပါတယ်၊
အဲဒါကတော့ ကျီး တွေထဲမှာလဲ တစ်ချို့လူတွေလို နေဖင်ထိုးမှထတတ် တဲ့
အကောင်တွေလည်းပါကောင်းပါနေပါလိမ့်မယ်၊ ဒါကြောင့် တစ်ချို့နေရာတွေမှာ
ကျီးကိုစံပြုပြီး သတ်မှတ်တဲ့
အချိန်နာရီတွေ အတော်အတန်လွဲမှားနေတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ညတာရှည်တဲ့
ဆောင်းကာလမှာ မနက် ၆နာရီကို
လင်းကြက်တွန်ချိန်လို့ ဆိုထားတာကို သိပ် ပြီးမှားတယ်၊ ကွာဟတယ်လို့ မဆိုနိုင်ပေမယ့်
နေ့ တာရှည်တဲ့အတွက် မနက်၆နာရီဆိုယင် မိုးကြီး ထိန်ထိန်လင်းသမျှ
တကယ့်ကိုလင်းနေပြီဖြစ်တဲ့အတွက် သတ်မှတ်ယူဆချက်ဟာ ကွာဟကောင်းကွာဟနေ ပါလိမ့်မယ်။
ကျေးလက်တောရွာတွေရဲ့
အချိန်သတ်မှတ် ချက်တွေဟာ စက်နာရီတစ်ခုမဟုတ်သလို နက္ခတ် ကြည့်ဖို့အတွက် အတိအကျ
သတ်မှတ်ထားတဲ့ အချိန်နာရီတွေလည်း မဟုတ်တဲ့အတွက် တိကျမှုမရှိ နိုင်တာဟာ သိပ်တော့
မဆန်းလှပါဘူး။
အကြမ်းဖျင်းအားဖြင့်
မနက်၆နာရီကို နေထွက်ချိန်ရယ်လို့ ဆိုရပါမယ်၊ နေလုံးပေါ်ချိန်တို့၊
နေလုံးပြူးချိန်တို့ဟာလည်း ဒီအတိုင်းပါပဲ၊ စက်နာရီ နဲ့တိုက်ကြည့်တဲ့အခါ
ကွဲလွဲချက်ကလေးတွေ ရှိ ကောင်းရှိနေမှာပါ။
ဒီလိုဖော်ပြထားတာက
တစ်ခြားမဟုတ်ပါဘူး၊ သဘာဝပစ္စည်းတွေကိုကြည့်ပြီး အချိန်နာရီကို သတ် မှတ်ထားတာမို့
ကွဲလွဲတာတွေဟာ မဆန်းပါဘူးလို့ ကျေးလက်အချိန်နာရီတွေဘက်က လိုလိုမည်မည်
ရပ်တည်လိုက်တာပါ။
ကျေးလက်တောရွာ
အချိန်အတိုင်းအတာ တွေအရ မနက်၇ နာရီကို မနက်ထမင်းအိုးတည်ချိန်လို့ ဆိုထားပါတယ်၊
ဒါကလည်း အိမ်တိုင်း အတွက်တော့ မမှန်ပေဘူးပေါ့၊ တစ်ချို့ တစ်ချို့ ရွာတွေမှာ
ဒီအချိန်ဒီအခါမှာ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တစ်ခုဖြစ်ပုံရပါတယ်။
အဲဒီ့အချိန်ရဲ့နောက်
အများစိတ်ဝင်စား နားလည်နေကြတဲ့အချိန်တစ်ခုရှိပါတယ်၊
အဲဒါတော့“နေထွက်ထမ်းတစ်ဖျား” ရောက်ချိန်ပါပဲ၊ စက်နာရီကို ကြည့်လိုက်တဲ့အခါ ၇နာရီ
၁၅နဲ့ နေထွက်နောက်ကျတဲ့ရာသီမှာ ခုနှစ်နာရီခွဲလောက်ရှိဖို့များပါတယ်။
နောက်ထင်ရှားတဲ့အချိန်
တစ်ချိန်ကတော့ တောရောမြို့မှာပါ မှတ်မှတ်သားသားရှိတတ်ကြတဲ့ ဆွမ်းခံထွက်ချိန်ပါပဲ။
စက်နာရီကို
ကြည့်လိုက်တဲ့အခါ မနက်၉နာရီ နဲ့ ၉နာရီခွဲကြားမှာ ဖြစ်ဖို့များပါတယ်၊ ကျေးလက်
တောရွာတွေမှာတော့ ၉နာရီလောက်ဆိုယင် ဘုန်း တော်ကြီးတွေ၊ ကိုရင်တွေဆွမ်းခံထွက်ကြတာ
များ ပါတယ်။
စက်နာရီ
၉နာရီခွဲ ဆယ်နာရီလောက်ကျ တော့ ရဟန်းတော်တွေ၊ ကိုရင်တွေဟာ ဆွမ်းခံရာက
ပြန်ကြွလာကြပါတယ်။
ဘုန်းတော်ကြီးတွေ
ရွာထဲဆွမ်းခံဝင်ပြီး ကျောင်းကိုအသီးသီးပြန်ကြတာကို ကြည့်ပြီး ကျေး
လက်နေပြည်သူတွေဟာ မနက်၉နာရီခွဲ၊ ဆယ်နာရီ လောက်ရှိပြီဆိုတာကို နားလည်နိုင်ကြပါတယ်။
မြို့ငယ်တွေ၊
ရွာတွေမှာ ဆွမ်းစားတုံးခေါက် သံကိုကြားရလေ့ရှိပါတယ်၊ ကျောင်းဝင်းကြီးကကျယ်၊
ရဟန်းလေးတွေကများဆိုတော့ တစ်ပါးစီ အကြောင်း ကြားပင့်ဖိတ်ဖို့ဟာ
လွယ်ကူတဲ့ကိစ္စမဟုတ်တဲ့အတွက် စက်နာရီ ဆယ်နာရီခွဲလောက်မှ တုံးခေါက် တယ်ဆိုယင်ပဲ
ဆွမ်းစားတော့မှာကို သတိပေးနေ ကြောင်း ရဟန်းတော်တွေ နားလည်နိုင်ကြပါတယ်။
တောတွေမှာတော့
မနက်-၁၁နာရီလောက် မှာ၊ လယ်ထွန်နေတာကို ခဏရပ်နားပြီး မနက်စာ စားသောက်ကြပါတယ်။
ဒီအချိန်ကို
“လယ်ထွန်ဖြုတ်ချိန်” ရယ်လို့ခေါ် ကြပါတယ်။ ဒါကလဲ စက်နာရီ(၁၁)နာရီအတိအကျ ဟုတ်ချင်မှ
ဟုတ်ပါလိမ့်မယ်။
အကြောင်းကြောင်းကြောင့်
ဆယ်နာရီခွဲ (ဒါမှမဟုတ်)ဆယ့်နှစ်နာရီ ဖြစ်ချင်လဲဖြစ်မှာပါ၊ တောသူတောင်သားတွေဟာလဲ
သူ့အချိန်နဲ့သူ အလုပ် လုပ်ကြသူတွေပဲ။
သူတို့အရပ်ဒေသမှာ
နွားလွှတ်ချိန်ဆိုပြီး သတ်မှတ်ထားကြတယ်၊ စက်နာရီကိုကြည့်လိုက်ယင်
သုံးနာရီဝန်းကျင်လောက်ရှိပါလိမ့်မယ်။
နေပူရှိန်
လျှော့စပြုတဲ့ အချိန်ကိုရွေးပြီး နွား တွေကို ခြံပြင်လွှတ်ပေးကြဟန်တူပါတယ်။
ဒီအချိန်တစ်ဝိုက်မှာပဲ
ကျွဲ/နွားတွေအတွက် ရေခပ်ကြပါတယ်၊ ဒါကိုလဲ ကျေးလက်တောရွာတွေမှာ
ကျွဲရေ-နွားရေအတွက်ခပ်ချိန်ရယ်လို့ သတ်မှတ် ထားပြန်ပါတယ်။
နောက်-တောတွေမှာ
နွားရိုင်းသွင်းချိန်ဆိုတာ ထင်ရှားတဲ့အချိန်ကလေးတစ်ချိန်ပါပဲ။
နွားတွေဟာ
အများအားဖြင့် အိမ်ကလွှတ်ပေး လိုက်ပြီးတဲ့နောက် ကိုယ့်အိမ်ကိုယ် တန်းတန်းမတ်
မတ်ပြန်လာကြတာများပါတယ်၊ ခပ်ရိုင်းရိုင်းနွားတွေ ကျတော့သာ ထိန်းကျောင်းတဲ့သူအနေနဲ့
ခြံထဲကို ရိုက်တန်ရိုက်ပြီး သွင်းရပါတယ်။
နွားရိုင်းရှိတဲ့
ကျေးလက်တောရွာက အိမ်တွေ မှာတော့ အဲဒီ့အချိန်တစ်ချိန်ဖြစ်တဲ့ ညနေ-ခြောက် နာရီမတ်တင်းတစ်ဝိုက်လောက်ကို
ကောင်းကောင်းကြီး မှတ်မိနေကြပါလိမ့်မယ်။
ညနေ
နေ၀င်ရီတရောလို့ ပြောပြောနေတဲ့ အချိန်တစ်ချိန်ကလဲ ထင်ရှားပါတယ်၊ ဘာကြောင့်လဲ
ဆိုတော့ တောရွာတွေမှာက လမ်းမီးမရှိတဲ့အတွက် နေ၀င်ပြီဆိုတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်
မသဲ မကွဲ တွေ့မြင်ကုန်ကြရလို့ပါပဲ၊ ဒါက ရိုးရာ အခေါ် အဝေါ်နဲ့
ညီအစ်ကိုမသိတသိအချိန်ရယ်လို့ သတ် မှတ်ခေါ်ဝေါ်ထားတာဖြင့် လှပသလို အံဝင်ခွင်ကျလဲ
ရှိလှပါတယ်။
ဒီထက်
ညဥ့်နက်ပြီး မှောင်လာတဲ့ကာလကျ တော့ လက်ကြားမမြင်တမြင်ဆိုတဲ့ နာမည်နဲ့ ည ၇ နာရီကို ခေါ်ကြပြန်တယ်။
ကျေးလက်တောရွာတွေမှာတော့
သိကြတဲ့ အတိုင်း အပျော်အပါးကလဲမဲ့ လမ်းမီးကလဲမရှိ၊ တစ် နေ့လုံးလဲ
သူ့အလုပ်နဲ့သူဆိုသလို ပင်ပန်းခဲ့တဲ့ အတွက်
လူကြီးတွေကအစ ခပ်စောစောအိပ်ကြတာ များပါတယ်၊ ကလေးတွေကတော့၊ သူငယ်တိတ်ဆိတ်ချိန်လို့ခေါ်တဲ့ည၇နာရီ
ဝန်းကျင်လောက် မှာပဲအိပ်ကုန်တတ်ကြပါတယ်။
ဒါပေမယ့်……ကာလသားလို့ခေါ်တဲ့
လူပျို ပေါက်အရွယ်တွေ၊ အိမ်ခြေမဲ့တဲ့ လူငယ်တွေကတော့၊ မှောင်တာတွေ မီးမရှိတာတွေကို
ဂရုမထားပဲ ရွာထဲ လိုဂျပိုးထိုးလေ့ရှိကြတာကို တွေ့ကြရမှာပါ၊ သူတို့
ဟာကိုယ့်အိမ်ကိုကိုယ် ည၁၁နာရီလောက်မှာပဲ ပြန် လာတတ်ကြပါတယ်။
ဒီအချိန်ကို
ကာလသားပြန်ချိန်လို့ခေါ်ကြ တယ်၊ တစ်ချို့အရပ်ဒေသတွေမှာတော့ လုလင်ပြန်
ချိန်လို့ခေါ်ကြပါတယ်၊ ဘာပဲဖြစ်ဖြစ် စက်နာရီနဲ့ တိုက်ကြည့်ယင် ၁၁နာရီ၊
၁၁နာရီကျော်ကျော်အချိန် ရှိတတ်တာကို တွေ့ရမှာပါ။
ကျေးလက်တောရွာရဲ့
ည၁၂နာရီ (သန်း ခေါင်)အချိန်ဆိုတာ အတော်ပဲ ဆိတ်ငြိမ်နေပါပြီ၊ ဒီ
အချိန်မှာပေါ်ထွက်လာတဲ့ ကြက်တွေရဲ့ ဟိုခြံဒီခြံက တွန်သံတွေဟာဖြင့်
မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေတတ်ကြ တယ်။
ဒီကြက်တွန်သံကို
သန်းခေါင်ကြက် လို့ခေါ် ကြပါတယ်။ ဒီအချိန်ရဲ့ ကြက်တွန်သံကတော့ ဘယ်
အချိန်ရှိပြီလဲလို့ မမေးနဲ့ညသန်းခေါင်လို့သာ သတ် မှတ်ပေတော့။
အခုတင်ပြဆွေးနွေးခဲ့တဲ့
ရှေးနှစ် အတန်ကြာ ကတည်းကကျေးလက်တောရွာတွေမှာ အရိုးစွဲနေခဲ့
တဲ့အချိန်နာရီခေါ်ဝေါ်သတ်မှတ်ပုံတွေပါပဲ၊ အခုဆက် လက်ပြီး ဒီအချိန် ဒီကာလတွေကို တစ်သီးတစ်ခြား ဖော်ပြလိုက်ပါတယ်။
အလွယ်တကူ မှတ်သားနိုင်ကြ အောင်ပါ။
၁။ နေထွက်ချိန် နံနက် ၆နာရီ
၂။ နေလုံးမြင်ရချိန် ၆နာရီကျော် ၆နာရီ ၁၅မိနစ်
၃။ ယာထွန်ချိန် ၆နာရီခွဲ ၇နာရီ
၎။ ထမင်းအိုးတည်ချိန် ၇နာရီ
၅။ နေ့ထန်းတဖျား ရောက်ချိန် ၇နာရီ ၂၀မိနစ်
၆။ ရဟန်းတော်များ ဆွမ်းခံချိန် ၉နာရီဝန်းကျင်
၇။ ဆွမ်းခံရာမှ ပြန်ချိန် ၉နာရီ ၃၀မိနစ်
၈။ လယ်ထွန်ခဏနားချိန် ၉.၃၀၊ ၁၀.၀၀
၉။ ဆွမ်းစားတုံးခေါက်ချိန် ၁၀.၃၀၊ ၁၁.၀၀နာရီ
၁၀။ နေ့ဆွမ်းစားချိန် ၁၀.၃၀၊ ၁၁နာရီ
၁၁။ လယ်ထွန်ဖြုတ်ချိန် ၁၀နာရီ
၁၂။ လယ်ထွန်ခဏနား ထမင်းစားချိန်
၁၃။ နွားလွှတ်ချိန် ညနေ၃နာရီ
၁၄။ ကျွဲရေ-နွားရေခပ်ချိန် ညနေ၃နာရီ
၁၅။ နေ၀င်ထန်းနှစ်ဖျား ညနေ၅-၁၅-၂၀
၁၆။ နေ၀င်ဖြိုးဖျ၊ နေ၀င်ရီတရော ၅.၃၀
၁၇။ နွားရိုင်းသွင်းချိန် ၅.၄၀
၁၈။ ညီအစ်ကိုမသိတသိအချိန် ၆နာရီခွဲခန့်
၁၉။ လက်ကြားမမြင့်တမြင် ၇နာရီဝန်းကျင်
၂၀။ သူငယ်တိတ်ဆိတ်ချိန် ၇.၃၀ခန့်
၂၁။ လူအိုလူမင်းအိပ်ချိန်(သက်ကြီးခေါင်းချ)၉၊
၉.၃၀
၂၂။ လုလင်ပြန်ချိန် ၁၁နာရီ
၂၃။ သန်းခေါင်ကြက်တွန်ချိန် ၁၂နာရီ
၂၄။ ကြက်တတွန် ညတစ်နာရီ
၂၅။ ကြက်နှစ်ခါတွန် နံနက်၃နာရီ
ကြက်တစ်ခါတွန်၊ နှစ်ခါတွန်ဆိုတာဟာ မိုး
လင်းတော့မယ့်အခြေအနေတွက်ချက်ပြီး မှတ်သားထားတဲ့ သဘာဝနာရီအဆစ်အပိုင်း တစ်ခုပါပဲ၊
(စာရေးသူ)
၂၆။ သစ်စည်ထိုးချိန်-
မှတ်ချက်။ ကျေးလက်တောရွာ
ဘုန်းတော်ကြီး ကျောင်းတွေမှာ သစ်တုံးကိုထွင်းပြီး အချက်ပေးခေါင်းလောင်းသဖွယ် တီး ခေါက်လေ့ရှိကြပါတယ်၊
တစ်ချက်နဲ့ တစ်ချက်ပဲ့တင်သံပျောက်သွားမှ တစ် ခါခွာပြီး တီးလေ့၊ ခေါက်လေ့ရှိကြပါ
တယ်။ တစ်ချို့ကျောင်းတွေကျတော့ အုန်းမောင်းခေါက်တတ်ကြပါတယ်၊
ဒီအချိန်ကတော့ဖြင့်စက်နာရီအရ၄နာရီဝန်းကျင်ပါ၊ တစ်ချို့ကျောင်းတွေကတော့
၃နာရီခွဲလောက်မှာ တီးလေ့ ရှိကြပါတယ်။
၂၇။ ဆွမ်းချက်ထချိန် (မနက်-၄နာရီ အုန်း
မောင်းခေါက်ချိန်မှာ ဆွမ်းဟင်းလှူ လေ့ရှိတဲ့ ကျေးရွာသူတွေရဲ့ ဆွမ်း ချက်ချိန်ပါပဲ)
၂၈။ မောင်းထောင်းထချိန်(စပါး-ကောက်
ညှင်း)စတဲ့စားဖွယ်ရာတွေကို ခပ်စော စောထပြီး ထောင်းကြတဲ့အချိန်ပေါ့၊ စက်နာရီအရ
မနက်-၅နာရီ နေ့တာ ရှည်တဲ့ကာလမှာဆိုယင် မလင်းတ လင်းအချိန်ကလေးပါပဲ။
၂၉။ ၂၉။ ဝေလီဝေလင်း
မိုးလင်းဖို့ကပ်နေတဲ့
လင်းလုလု အချိန်ပါပဲ၊ စက်နာရီအားဖြင့်
၅-၂၀၊ ၀န်း ကျင်ဆိုပါတော့။
၃၀။ ရောင်နီလာချိန်-
ဒီအချိန်ဟာလည် ဝေလီဝေလင်းပြီး
တာနဲ့ ၀င်လာတဲ့ ၅-၁၅၀န်းကျင်ဆိုပါ တော့။
၃၁။ ကျီးမနိုးတနိုး
ဒီအချိန်ဟာလည်း
မိုးလင်းလုခါနီး ကာလပဲဆိုပါတော့။
၃၂။ လင်းအားကြီး (စက်နာရီအရ ၅-နာရီ
ခွဲဆိုပါတော့) လင်းအားကြီးဆိုတဲ့အ တိုင်း တစ်မိုးလုံးလင်းပြီး နေ့ခင်းကိုစ
ရောက်ပြီလို့ တိတိကျကျကြွေးကြော် လို့ရပြီဖြစ်တဲ့ အချိန်ပါပဲ။
၃၃။ ဒီအချိန် ၅-နာရီခွဲလောက်မှာ ဘုန်း တော်ကြီးတွေ
ဆွမ်းဘုန်းပေးလေ့ရှိ ကြတဲ့အချိန်(၀ါ)အရုဏ်ဆွမ်းစားချိန် မို့ဒီအချိန်ကိုလဲ
ကျေးလက်တောရွာ တွေမှာ အမှတ်တရရှိကြပါတယ်။
အခုမြန်မာတစ်နိုင်ငံလုံးမှာ
စက်နာရီ တွေပျံ့နှံ့နေပါပြီ။ ကျေးလက်တော ရွာတွေကလဲ စက်နာရီအမျိုးမျိုးကို
သုံးစွဲနေကြပါပြီ၊ ဒါပေမယ့်-သဘာဝ နာရီတွေဖြစ်တဲ့ တုံးခေါက်သံ၊ ကြက်
တွန်သံနဲ့ကျီးနိုးသံတွေကို အားပြုပြီး အချိန်နာရီကို မှတ်သားကြဆဲပါပဲ။
တောရွာတွေကိုသွားတဲ့အခါ-
မိုးတောင်အတော်လင်းပြီလို့
ဆိုတဲ့ စကားအစား လင်းကြက်တွေတွန်နေ ပြီဆိုတဲ့စကားကိုကြားဖို့များပါတယ်။
ဒီလိုပဲကိုးနာရီတောင်
ခွဲပြီလို့ဆိုကြမယ့်အစား ရဟန်းတော်တွေတောင် ဆွမ်းခံကပြန်ကြွလာကြပြီ စသဖြင့်
ပြောဆိုလေ့ရှိကြပြန်တယ်။
ဘာပဲဖြစ်ဖြစ်
စက်နာရီတွေက ဘယ်လို ကောင်းကောင်းအဟောင်းဖြစ်တဲ့ သဘာဝနာရီ ကလေးတွေကိုပဲချစ်တဲ့ ကျေးလက်နေသူတွေဟာ ဒီသဘာဝနာရီတွေကိုပဲ
ဆက်ပြီးအားကိုးမှတ်သားနေ ကြဦးမှာသာ ဖြစ်ပါတယ်။
No Response to "ကြက်နာရီ"
Add Your Comment