အောင်မယ်…..အောင်မယ်၊ ကြည့်စမ်း…..
ကြည့်စမ်း၊ လူတွေကလည်း တစ်မျိုးကြီးပဲနော်၊ တကယ်တကယ်၊
ကိုယ့်ဘက်ကိုယ်ယက်တဲ့လိပ်မျိုး တွေရယ်။ အခုလည်းကြည့် ဓာတ်ဆင်တာတဲ့၊ ဓာတ်
ရိုက်တာတဲ့၊ဓာတ်မရိုက်ပဲ ဓာတ်လိုက်နေယင်ဒုက္ခ။
ဒီကကောင်ကတော့
ဓာတ်ဆိုလို့ ဓာတ်ပြား လောက်ပဲသိတာ၊ အခုတော့ တို့သူငယ်ချင်းက ဓာတ်ရိုက်တာတွေ၊
ဓာတ်ဆင်တာတွေ ကြီးကြီး ကျယ်ကျယ်လာပြောနေတယ်။ အာဘောင်အာရင်း သန်သန်နဲ့ပေါ့လေ။
ဟင်း………ဟင်း…….. ယုံရခက် ကြီးပါလားနော်။
ကဲ……ထား၊
ဒီကောင်ကိုတော့ နည်းနည်းပါး ပါးလေးချွတ်ပေးဦးမှ၊ ဒါမှ မှတ်လောက်သားလောက်
အောင်ဖြစ်သွားမယ်။
သူငယ်ချင်းရာ
လူတစ်ယောက်ကိုချစ်အောင်၊ မုန်းအောင်လုပ်နိုင်တယ်။ ရောဂါသည်လာအောင် သက်သာအောင်
လုပ်နိုင်တယ်။ မရောင်းရတဲ့ပစ္စည်း
တစ်ခုကိုရောင်းရအောင်လုပ်နိုင်တယ်ဆိုတဲ့ မင်းရဲ့ ဓာတ်ရိုက်ဓာတ်ဆင်ပညာကို
ငါတော့မယုံဘူးကွာ။ မင်းပဲစဉ်းစားကြည့်လေ၊ သစ်ရွက်သစ်ခက်ကလေး တွေ၊ သူ့ဟာသူစီစဉ်ရုံနဲ့
ဖြစ်နိုင်ပါ့မလားကွာ။
တို့များ
သူငယ်ချင်းတိုက်တဲ့ လက်ဖက်ရည် သောက်ပြီး သူ့ကိုပြောရတာ သိပ်အရသာရှိတာပဲ။
ဒါနဲ့တို့သူငယ်ချင်းက………
မင်းပြောတာမှန်တယ်၊
ဖြစ်ပါ့မလားဆိုတာ၊ ဖြစ်အောင်လုပ်တတ်ဖို့ အရေးကြီးတာပေါ့ကွာ။ ငါ တို့မင်းတို့
ကမ္ဘာလောကကြီးမှာ ပထ၀ီ၊တေဇော၊ အာပေါ၊ ၀ါယောဆိုတဲ့ ဓာတ်ကြီးလေးပါးနဲ့ အာဟာရ
ဆိုတဲ့ဓာတ်ကြီးတစ်ပါးပါ ထည့်ပေါင်းယင် ပဉ္စဘုတ် လို့ခေါ်တဲ့ ဓာတ်ကြီးလေးပါး
စိုးမိုးထားတယ်ဆိုတာ မင်းပထမဆုံးမှတ်ထားပါ။ အဲဒီ့ဓာတ်ကြီးလေးပါးဆိုတာ
မင်းတို့ငါတို့မျက်စိထဲ မြင်နေရတဲ့ ဓာတ်တွေပါ။
ကဲ….ကောင်းပြီ၊
ဓာတ်ရိုက်တာ၊ ဓာတ်ဆင် တာမင်းကိုပြောပြနေလို့ မင်းနားလည်ချင်မှ နား လည်မယ်။
ငါဓာတ်သဘာဝတစ်ခုကိုပြောပြမယ်။
လုပ်ပြီ၊
ငကြွား…… ကြံဖန်ကြွားပြန်ပြီ။
ပြောကွာ…..ခဏ
ခဏ၊ ဗျို့…မုန့်တစ်ပွဲ ထပ် ယူလာပါဦး။
သည်းခံနားထောင်ရမှာပဲ၊
သူ့လက်ဖက်ရည် ဗိုက်ထဲဝင်နေပြီကိုး။ တန်အောင်တော့ စမူဆာတစ်ပွဲ ထပ်နှိပ်မှ။
မင်းကို
တို့ရဲ့ဓာတ်ပညာမှာ ဓာတ်ကိုသိုက် ကနိုင်၊ သိုက်ကို တဘောင်ကနိုင်၊ တဘောင်ကို
ယတြာကနိုင်ဆိုတဲ့ စကားတွေဘာတွေကို မရှင်းပြ တော့ပါဘူး။ ကဲကွာ….မင်းမှာ
အနာပေါက်ဖူးသလား။
ဟကောင်ရ
အနာပေါက်ဖူးတာပေါ့ကွာ၊ မင်း ကလည်းကြောင်နေပြန်ပြီ။
မင်းအနာ
ပြည်တယ်စပြုချိန်၊ ရင့်စပြုချိန်မှာ ငရုတ်သီး အညှော်ခံရဲပါ့မလား။
အား….ဘယ်ဖြစ်မလဲကွာ၊
အနာရင့်ပြီး ကြီး လာမှာပေါ့၊ အညှော်ဆိုတာ အန္တရာယ်ကြီးကွာ၊ တစ်ချို့ကတော့ အညှော်ဝင်လို့သေတာတို့ ဘာတို့
ဖြစ်သေးတာကွာ။
တို့ကြောက်အား
လန့်အားနဲ့ပြောမိတယ်။
ငရုတ်သီးအညှော်နဲ့
မင်းအနာနဲ့ ဘာဆိုင် လို့လဲကွာ၊ ငရုတ်သီးကလည်း သူ့ဘာသာသူသီး ခြား၊ မင်းအနာကလည်း
သူ့ဘာသာသူနာတာပဲ မဟုတ်လား။
တို့မပြောတတ်တော့ပါ။
လူတိုင်းငရုတ်သီး အညှော်နဲ့ အနာမတည့်တာ
သိကြတာချည်းပါပဲ။ ဘာကြောင့်မတည့်ဘူးဆိုတာ ဘယ်တုန်းကမှ မစဉ်းစားမိပါလား။
ထားဦး၊
မင်းသိပ်ထမင်းဆာတဲ့အခါ ငါးဟင်း၊ ကြက်သားဟင်း စသည်ဖြင့်ပေါ့ကွာ မွှေးကြိုင်တဲ့ဟင်း
အနံ့ရယင် ဘာကြောင့်သွားရည်ယိုတာလဲ ပြောစမ်း ပါဦး။ ပြီးတော့ တစ်ယောက်ယောက်
သံပုရာသီးကို အားရပါးရစုပ်တဲ့အခါ မင်းသွားတွေကျိန်းပြီး ဘာဖြစ်
လို့သွားရည်ယိုလာရသလဲကွာ။ မင်းမစုပ်ပဲ ဘာဖြစ် လို့အဲသလိုဖြစ်လာရသလဲကွာ….။
တို့မဖြေတတ်တော့ပါ။
ဘာပြောရမှန်းလဲ မသိ။
ဟုတ်တော့ဟုတ်တာပေါ့။ သူများ
ပလုပ်ပလောင်းစားတဲ့အခါ ပါးစပ်တပြင်ပြင်လဲ ဖြစ်ဖူး၊ သွားရည်ယိုဖူးသားပဲနော်။
အေး………ဒါတွေအားလုံးဟာ
ဓာတ်သဘော ပဲပေါ့ကွာ။ ငရုတ်သီးဟာ ဓာတုကထာကျမ်းမှာရော ဥတုဘောဇနကျမ်းမှာလဲ အပူစာ
အစပ်စာလို့ပါပြီး သားပါ။ တေဇော (၀ါ) စီးကဲတဲ့ အာဟာရဖြစ်ပါ တယ်။ ဒီတော့ညှော်တဲ့အခါ
ခန္ဓာကိုယ်ထဲက ပိုးတွေ ကြွလာတယ်။ ပိုးတွေကြွလာတဲ့အခါ အနာကိုကြီးရင့်
နာကျင်စေတယ်လို့ ရောဂါကုထုံးကျမ်းတွေမှာ ပါပြီး သားပဲ။
ဒီတော့
ငရုတ်သီးအညှော်နဲ့ အနာနဲ့က မတည့်တာပေါ့ကွာ။
အပူနဲ့အပူ ပိုပူတဲ့သဘောပေါ့။
ဓာတ်သဘာဝအကြောင်းတွေကို
သူကရှင်း ပြတော့လည်း အဟုတ်ကြီးပဲ။
မင်းဓာတ်ရိုက်ဓာတ်ဆင်တာမယုံဘူး၊
လက်မခံဘူးဆိုတာ မင်းရဲ့သဘောပါ။
ငါကယုံယင် ဘာ အကျိုးဖြစ်မယ်ဆိုတဲ့ မျှော်လင့်ချက်လဲမပေးဘူး။
မယုံယင်ဒုက္ခရောက်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုလဲ မရှိ ပါဘူး။ ဓာတ်ဆိုတာ လောကမှာ
ရှိပြီးသားဖြစ်တဲ့ ဓာတ်ကြီးလေးပါးပေါ်မူတည်ပြီး လျှောက်ပတ်တဲ့
ကစားမှုတစ်ခုပဲဖြစ်တယ်။
လုပ်တဲ့လူမှားလို့၊
နည်းစနစ်မဟုတ်လို့၊ လုပ် ထုံးမှားလို့ မဖြစ်တာတွေ အများကြီးပါ။
ဓာတ်သဘာဝကို
တို့များနည်းနည်းတော့ စိတ်ဝင်စားမိပါတယ်။ သူကလည်း အပြောကောင်း ကိုး။
ကဲ……မင်းက
မင်းသိတဲ့ငရုတ်သီးတို့ သံပု ရာသီးတို့လောက်နဲ့ ပြောတာနဲ့တော့ ငါလက်ခံရမှာ လားကွာ။
မင်းတို့ဓာတ်သဘာဝကို ငါလက်တွေ့စမ်း ကြည့်ချင်တယ်၊ ကဲ….ငါဘယ်လိုစမ်းသပ်ကြည့်ရမ
လဲပြော၊ ငါစမ်းကြည့်လို့မှန်ယင်တော့ ငါလက်ခံမယ်။
ထက်တေရီ…မင်းလက်ခံတာ
လက်မခံတာ မင်းသဘောပါကွာ၊ လောကမှာ ဓာတ်ကြီးလေးပါးရဲ့ ထူးခြားချက်
ဘယ်လောက်ရှိသလဲဆိုတာ သိချင်ယင် တော့နော်၊ အပျင်းပြေပေါ့ကွာ အောက်မှာ ငါပေးထား
တဲ့ဓာတ်သဘာဝတွေကို စမ်းသပ်ကြည့်ပေါ့။ အပျော် ပေါ့ကွာ၊ နှင်းဆီပန်းကို
မတွေ့ဖူးတဲ့လူကို ဆူးပါတယ် လို့ပြောယင်ရယ်မှာပေါ့ကွာ၊ မင်းလဲဒီသဘောပါပဲ၊
ပညာရပ်တစ်ခုကို အထင်လည်းမကြီးနဲ့၊ အထင် လည်းမသေးနဲ့ ပညာတိုင်းမှာ ပညာစစ်တွေရှိပါ
တယ်ကွာ။ မင်းအစွဲဖြုတ်ပြီး ပကတိစိတ်ထားနဲ့ လေ့ လာကြည့်ပေါ့၊ ထူးခြားတာတွေ
တွေ့ရလို့ရူးသွား မလားလို့တောင် ထင်ရမယ်။ ကဲ….ရော့လုပ်ကြည့် ကွာ………။
တို့သူငယ်ချင်းက
တို့ကိုအောက်ပါဓာတ် သဘာဝပေးလိုက်ပါတယ်။ ကျွန်တော်စမ်းသပ်ကြည့် ပါဦးမယ်။ ဟဲ..ဟဲ..
အခုတော့ ခဏသိမ်းထားဦးမယ်။ ဒါဆိုယင်တို့ကိုများ မင်းပါရမီမပါသေးလို့၊ အချိန်မ
ကျသေးလို့၊ တက်ချိန်မကျသေးလို့လို့များပြောနေ ဦးမလားမသိ။
ဓာတ်သဘာဝများ
(၁) ဒီရေတက်လာယင် ငါးပိအိုးမှာ အလိုလို ငံပြာ
ရည်လျှံလာပြီး ဒီရေကျသွားယင် ငါးပိအိုးထဲ ရေကအလိုလိုကျသွားတတ်တယ်။
(၂) ဗူးစင်မှာ နွားရိုးဆွဲပေးယင်၊
ဗူးသီးများများသီး တယ်။
(၃) ရှောက်ပင်ကို ၀ါးထောက်ပေးယင် ရှောက်ပင်
အလိုလိုညှိုးတယ်။
(၄) ဘဲအုပ်ကြီး ဆူညံစွာအော်နေတာကို အသံ
တိတ်သွားအောင် ပြာနဲ့ပက်ရတယ်။
(၅) ကြွေကို သံပုရာနဲ့စိမ်ယင် အလိုလိုအရည်
ပျော်တယ်။
(၆) အုန်းပင်သေအောင် ထုံးသုတ်ရတယ်။
(၇) ၀ါးညှပ်၊ ၀ါးထောက်၊ ၀ါးကပ်ပေးယင် စံပယ်
ခင်းသေတတ်တယ်။
(၈) ၀ါးညှပ်၊ ၀ါးထောက်၊ ၀ါးကပ်ပေးယင် နှင်းဆီ
ပွင့်တွေရှင်သန်လာတယ်။
(၉) ယမ်းစိမ်းနဲ့ ပက်ယင် အသားစိမ်းတွေမပုပ်
တတ်ဘူး။
(၁၀) ကျွဲနို့ချက်ထဲမှာ ကွမ်းသီးစိတ်ကလေးထည့်
ယင်မချဉ်တတ်ပါ။
(၁၁) ဆီးပင်အောက်မှာ မီးထည့်ပေးယင် ဆီးချိုပင်
ဟာချဉ်သွားတတ်ပါတယ်။
(၁၂) အင်သားထောက်ပေးယင် ပိန္နဲပင်က အသီး
တွေကြွေကျလာတတ်တယ်။
(၁၃) မိကျောင်းသားကို နနွင်းနဲ့ ထိကြည့်ယင်
အရေဖြစ်သွားတတ်ပါတယ်။
(၁၄) ခဲပုံပေးယင် ခရမ်းသီးပင် ရှင်သန်လာတယ်။
(၁၅) အသီးများစွာသီးတဲ့မာလကာပင်ကိုရွေးပြီး
လူတက်ခိုင်းယင် အသီးမသီးတော့ပါ။
(၁၆) မြေကြီးထဲ ကြွေပန်းကန်တွေထည့်ပြီး ပြန် မြေဖို့ထားယင်
အလိုလိုအက်ကွဲသွားမယ်။
(၁၇) ငါးချဉ်အိုးအလယ်တည့်တည့်မှာ လက်ပံသား
စောက်ထိုးစိုက်ပြီး ယူသွားယင် အကြာကြီး စားရမယ်။
(၁၈) ငှက်ပျောပင်ကို အဖျားကဖြတ်၊ မိုးကြိုးသွား
တပ်ထားယင် အညွှန့်မထွက်ဘူး။
(၁၉) ပုလင်းဖွင့်မရယင် ငွေဒင်္ဂါးနဲ့ အသာတီးလိုက်
တာနဲ့ ဖွင့်လို့ရတယ်။
(၂၀) နာနတ်ပင်ကို စိုက်ယင်၊ တူရွင်းနဲ့တစ်ချက်
တူးယင် တစ်နှစ်ကြာမှ သီးတယ်၊ နှစ်ချက် တူးယင်နှစ်နှစ်ကြာမှသီးတယ်။
(၂၁) အုတ်တစ်သောင်း မီးဖုတ်တဲ့ဖိုထဲမှာ ဒီဒူးသား
တစ်ချောင်းပါသွားယင် အုတ်တွေပျက်စီး သွားမယ်။
(၂၂) နှမ်းဆီနည်းနည်းကို ရှောက်ရေညှစ်ထားတဲ့ အထဲမှာ
ထည့်ထားယင်ကြာကြာခံပါတယ်။
(၂၃) မိုးတွင်းဖားခုံညင်းတွေအော်ယင် တညင်းသီး
ပြုတ်ရေနဲ့လောင်းကြည့် အသံတိတ်သွား မယ်။
(၂၄) မီးမဖွားနိုင်ပဲ အခက်အခဲကြုံနေယင် ပေါက် ပန်းဖြူရွက်ခုနှစ်ရွက်ကို
ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်းခိုင်းယင် လွယ်လွယ်မွေးမယ်။
(၂၅) မီးမဖွားနိုင်ပဲ ၀မ်းနာနေချိန်မှာ ဆီမီးတောက်
တစ်ခုနဲ့ ဗိုက်ကို ညာရစ်ကိုးရစ် ရစ်ပေးကာ မွေးဖွားပြီး လက်နဲ့ဘယ်ရစ်ကိုးရစ်
ပြန်ပွတ်ေ ပေးရတယ်။ ကလေးလွယ်လွယ်မွေးမယ်။
(၂၆) ပျားရေထဲ မျှော့ထည့်ယင် ကြေသွားမယ်။
(၂၇) မောင်းရဲ့အသံကို ဖယောင်းနဲ့ ပွတ်ယင် ကြည်တယ်။
(၂၈) ကြက်ဥကို အရက်နဲ့နယ်ယင် ပုလင်းထဲဝင် သွားမယ်။
(၂၉) ကြေးမောင်းကို ဆန်နဲ့ပွတ်ယင် အသံသာ မယ်။
(၃၀) ဥသျှစ်ပင်အောက်မှာ ဖွဲမီးတိုက်ယင် အလိုလို
အသီးတွေအက်တယ်။
(၃၁) တီကိုဆားနဲ့ပက်ယင် လူးတတ်တယ်။
(၃၂) မျှော့ကို ထုံးနဲ့တို့ယင် ကွာကျတယ်။
(၃၃) ကွမ်းပင်ကလေးကို ငါးကျည်းဆူးနဲ့ တို့ယင်
ကြွေကုန်မယ်။
(၃၄) ကြေးဖလားမှာ ရေထည့်ပြီး ကျောက်ပြင်ပေါ်
မှာထားပြီး နောက်ချေးအောက်က မံပြီး၊ ဖလားယူယင် ကျောက်ပြင်ပါပါလာတယ်။
(၃၅) ကျောက်ဖရုံသီးပင်အောက်မှာ မီးသွေးထား
ယင်ကျောက်ဖရုံသီးပုပ်တယ်။
(ဓာတ်ပညာနဲ့ ဓာတ်ရိုက် ဓာတ်ဆင်ပညာ
သင်ပေးတဲ့အတွက် ကွယ်လွန်သူ ဖခင်ကြီး သို့ အမှတ်တရ)
No Response to "ဓာတ်"
Add Your Comment