၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

အသံဗေဒင်

Published on Saturday, March 16, 2013 in


တစ်ချို့လူတွေရဲ့အသံဟာ မော်တော်ကားဆီ ပိတ်လို့ စက်နိုးယင် ရုတ်တရက်ဆောင့်ထွက်လိုက်ရ သလို အသံမျိုး ထွက်နေတတ်ပါတယ်။ ဆိုလိုတာက နှစ်ဆင့်သံမျိုးပါပဲ။ ပထမပိုင်းအသံဟာ ခပ်ပြေပြေ ရှိပြီး ဒုတိယအသံကျတော့ ဆောင့်ဆောင့်ကြီး ဖြစ်နေတတ်ပါတယ်။ ဒီလိုအသံရှင်တွေဟာ ဂမူးရှူး ထိုးနဲ့ ဒေါသကြီးတတ်ပါတယ်။
                    တစ်ချို့ လူတွေရဲ့ အသံဟာ တုန်ခါ နေတတ်ပါတယ်။ ဒီလိုအသံမျိုးရှိတဲ့ လူတွေဟာ ဘ၀ အခြေအနေ အနိမ့်အမြင့်ကို လိုက်ပြီး လေသံတွေ ပြောင်းနေတတ်ပါတယ်။ တစ်နည်း ပြောရယင် စိတ်ဓာတ်မမှန်ပဲ ဖောက်ပြန်ချင်တဲ့အခါ ဖောက်ပြန် နေတတ်သူတွေပါ။
          တစ်ချို့လူတွေဟာ ခန္ဓာကိုယ် ကြီးကြီးလေး လို အသံလည်းကြီးကြီး သြသြကြီး ဖြစ်နေတတ် ပါတယ်။ ဒီလူတွေ ကြီးပွားနိုင်ပေမယ့် ပြတ်ပြတ် သားသားရှိရမယ့်ကိစ္စတွေမှာ မပြတ်မသား ဖြစ်တတ် ကြပါတယ်။
တစ်ချို့လူတွေရဲ့အသံဟာ ဆိတ်အော်သံလို အသံဟာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေတတ်ပါ တယ်။ ဒီလူမျိုးတွေရဲ့ စိတ်ဓာတ်ဟာ အတည်ငြိမ်ပါ ဘူး။ သေးသိမ်တဲ့အယူအဆတွေလဲ လွှမ်းမိုးနေတတ် ပါတယ်။
          လူတစ်ယောက်ရဲ့ အသံဟာ တည်ငြိမ်ပြီး စကားပြောတဲ့အခါ ညင်ညင်သာသာလဲ ရှိမယ်ဆိုရင် ဒီလူဟာ အတတ်နိုင်ဆုံး ကောင်းအောင်နေသူ ဖြစ်မယ်။ ဖြစ်နိုင်သလောက် ခပ်အေးအေးနေချင်သူ လည်း ဖြစ်ပါလိမ့်မယ်။
          တစ်ချို့လူတွေရဲ့ အသံကျတော့ စကားပြော နေတာဟာ ငိုနေသလိုပါပဲ။ ငိုသံမျိုးကြီး ထွက်နေ တတ်ပါတယ်။ ဒီလိုအသံရှင်တွေဟာ ဆက်တိုက် ဆိုသလို အဆင်မပြေသူတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွက် စိတ်ဓာတ်တွေကျပြီး ဘာမှမလုပ်ချင်သလို ဖြစ်နေတတ်ပါတယ်။
          တစ်ချို့ လူတွေရဲ့အသံဟာ ကြေးစည်သံလို တဖြည်းဖြည်း ဟိန်းလာပါတယ်။ ဒီလိုအသံရှင်တွေ ဟာ အဆင်မပြေယင်တောင် ခဏပါ။ တော်တော် ကြာတော့ သူ့ဟာသူ ပြေလည်နေတတ်ကြပါတယ်။ လောကကို အမှန်ဘက်မြင်နိုင်စွမ်းရှိတတ်တဲ့ လူတွေ ပါပဲ။
          လူတစ်ယောက်ရဲ့အသံကို နားထောင် ကြည့် လိုက်လို့ ဒီအသံဟာ နားမခံသာအောင် ကျယ်နေ မယ်။ သြနေမယ်။ ကြီးနေမယ်။ စူးရှနေမယ်ဆိုယင် ဒီလူဟာ ဘ၀မှာ အောင်မြင်တဲ့ အချိန်တစ်ချိန် ရှိနိုင်ပေမယ့် အတိအကျတွေများတဲ့ ဘ၀မျိုးဖြစ်မယ်။ တစ်ချို့ လူတွေရဲ့ အသံဟာ သာမန် စကားပြောနေ တာမှန်ပေမယ့်ရန်ဖြစ်သံပေါက်နေပါတယ်။ ဒီလူတွေဟာ ရင်ထဲမှာ မကျေနပ်ချက်တွေကို မျိုသိပ်ပြီး နေတာဖြစ်မှာပါ။
          လူတစ်ယောက်ရဲ့ အသံက ခြောက်ကပ်ကပ် ဖြစ်နေယင် ဒီလူရဲ့ဘ၀ဟာလည်း ခြောက်သွေ့သွေ့ နဲ့ ပြည့်မစုံ ဖြစ်နေပါလိမ့်မယ်။
          တစ်ချို့ လူတွေရဲ့အသံဟာ တင်းမာနေတတ် ပါတယ်။ ဒီလူရဲ့မျက်နှာ အနေအထားပါ တင်းတင်း မာမာရှိနေယင်တော့ ဒီလူဟာ ဘ၀မှာ အနိုင်မခံ အရှုံးမပေးပဲ သေတဲ့အထိ ကိုယ်ဖြစ်စေချင်တာတွေ ကို ဖြစ်အောင်ဖြစ်သလောက် လုပ်သွားမယ့်လူစားမျိုး တွေပါ။
          တစ်ချို့လူတွေရဲ့အသံဟာ ပုံမှန်ပြောတုန်း သာယာပေမယ့် ခပ်တိုးတိုးပြောယင် သာယာနေ တတ်ပါတယ်။ ဒီလိုအသံရှင်မျိုးတွေရဲ့ တိုးတိုးပြော တဲ့ အသံတွေထဲမှာပဲ လူတိုင်းမသိနိုင်တဲ့ လျှိုဝှက် ချက်တွေ ရှိနေတတ်ပါတယ်။
လူတစ်ယောက်ရဲ့အသံဟာ ခန္ဓာကိုယ်သေး သေးကလေး ဖြစ်နေပေမယ့် ပီပီသသ ပြောနိုင်ယင် ဒီလူဟာ ကြံဖန်ကောင်းသူဖြစ်ပါမယ်။
          တစ်ချို့လူတွေဟာ စကားသံကို ကျယ်ကျယ် ကျယ်ကျယ်နဲ့ ဟောဟောဒိုင်းဒိုင်းနဲ့ ပြောချတတ်ပါ တယ်။ ဒီလူတွေဟာ အတွင်းမှာတစ်မျိုး အပြင်မှာ တစ်မျိုးမလုပ်တတ်ပဲ ပွင့်လင်းသူဖြစ်မယ်။
          လူတစ်ယောက်ရဲ့အသံကို နားထောင်ကြည့် လိုက်တဲ့အခါမှာ ညောင်နာနာဖြစ်နေယင် ဒီလူဟာ အတွင်းဝေဒနာတစ်ခုခု ရှိချင်ရှိနေမယ်။ ဒါမှမဟုတ် အားနည်းပြီး ခန္ဓာကိုယ်ကြုံလှီနေသူလည်း ဖြစ်ချင် ဖြစ်မယ်။ ဒါမှမဟုတ် ဘ၀အခြေအနေ သိပ်ပြီးဆိုးဝါး နေသူမျိုးလဲ ဖြစ်ချင်ဖြစ်နေမယ်။
          တစ်ချို့လူတွေရဲ့ အသံဟာ ပိတ်စကို လက်နဲ့ ဆွဲဖြဲတဲ့အသံလို အက်အက်ကွဲကွဲနဲ့ စူးရှ ထက်မြက်နေပါတယ်။ ဒီလူတွေဟာ ပညာမတတ်ပေ မယ့် ပိုက်ဆံရှာတော်တဲ့လူတွေ ဖြစ်နေတတ်ပါတယ်။
          လူတစ်ယောက်ရဲ့အသံကို နားထောင်ကြည့် လိုက်လို့ သူ့အသံဟာ ကြီးကြီး၊ စကားကိုလည်း ပီသအောင် မပြောနိုင်ပဲ ပြောဆိုပုံ လုံးလုံးထွေးထွေး ဖြစ်နေရင် ဒီလူဟာ ပင်ပင်ပန်းပန်းလုပ်မှ ၀တ်ရ စားရ တဲ့သူ ဖြစ်နေပါလိမ့်မယ်။
          တစ်ချို့လူတွေရဲ့ အသံကိုကြားရတဲ့အခါ ရေ ကြည်တစ်ပေါက်သောက်ရသလို သာယာကြည်လင် နေရင် ဒီလူရဲ့ ရုပ်ရည်ကလည်း စိုပြည်တင့်တယ်နေ မှာဖြစ်သလို သူတို့ရဲ့ ဘ၀အခြေအနေဟာလည်း မလွဲမသေ အနည်းဆုံး အလယ်အလတ်အဆင့်မှာ နေရပါလိမ့်မယ်။
          တစ်ချို့ လူတွေရဲ့ အသံဟာ တစ်ခုခုကို ငုံထားပြီးပြောတဲ့ အသံမျိုးဖြစ်နေပါတယ်။ နားထောင် နေကျမှပဲ နားလည်နိုင်စရာရှိပါတယ်။ ဒီလိုအသံရှင် ဟာ အသက်ကြီးပိုင်းမှာ ကံကောင်းတတ်ကြပေမယ့် လူ့ပြည်မှာအသက်ရှည်ရှည်နေရမှာတော့မဟုတ်ပါဘူး။
          လူတစ်ယောက်ရဲ့အသံဟာ ဆည်းလည်း အသံကလေးလို ကြည်လင်ပီပြင်နေရင် ဒီလူဟာ ဘ၀မှာ ထူးခြားတဲ့ အကျိုးပေးမျိုးကို ရတတ်ပါတယ်။ ထူးခြားတဲ့ အသက်မွေးမှုမျိုးနဲ့ ရပ်တည်ရတတ်ပါ တယ်။
          တစ်ချို့လူတွေရဲ့အသံဟာ ခဲဆွဲထားသလို လေးလေးပင်ပင် ရှိနေတတ်တယ်။ ဒီလိုအသံရှင်တွေ ဟာ မိုက်မဲတဲ့အချိန်တွေရှိနိုင်ပေမယ့် တစ်ချိန်မှာ နောင်တရပြီး ကိုယ့်ဘ၀ကိုဖြစ်သင့်သလို ပြင်ပြီး နေလေ့ရှိတတ်ကြပါတယ်။
          တစ်ချို့လူတွေရဲ့ အသံဟာ နှာသံပါနေ တတ်ပြီးဒီလူတွေကြည့်ပုံရှုပုံတွေဟာ ကျီးကန်းမျက်စိ လို ဖြစ်နေယင် ဒီလူတွေကြည့်ပုံဟာ မိန်းမဆန်တတ် ပါတယ်။ မိန်းမဆိုယင်လည်းမီးစင်ကြည့်ကတဲ့ လူစား မျိုးဖြစ်နေတတ်ပါတယ်။
          လူတစ်ယောက်ရဲ့အသံဟာ ခပ်ပြတ်ပြတ်၊ ခပ်မာမာနဲ့ ဟောဟောဒိုင်းဒိုင်း အားမနာတမ်းပြောချ လေ့ရှိရင် ဒီလူဟာ သံယောဇဉ် ရှိစရာရှိယင် သူများ နဲ့မတူပဲ အထူးခင်တွယ်တတ်သလောက် ပြတ်ပြီး ဟေ့ဆိုယင်လည်း လုံးဝမေ့ထားနိုင်သူမျိုး ဖြစ်မယ်။
          တစ်ချို့လူတွေရဲ့ အသံဟာ နှုတ်ဖျားကလေး နဲ့ ပြောတဲ့အတွက် ပြန်ပြီးမပီမပြင် ဖြစ်နေတတ်ပါ တယ်။ အသံကတော့ မတိုးမကျယ်ပါပဲ။ ဒီလိုအသံ ရှင်တွေဟာ ကောင်းစားချိန် ရှိနိုင်ပြီး စီးပွားကျယင် တောင်မှ သိပ်ပြီးပုံမပျက်အောင် နေတတ် နိုင်တတ် ကြသူတွေပါပဲ။
          လူတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတဲ့ အခါ သူ့အသံဟာဆောင်းရာသီကုန်ကာနီး ခံစားရ သလို ခပ်ဖျဉ်းဖျဉ်း အထိအတွေ့မျိုးကြီးလို ခံစား လိုက်ရယင် ဒီအသံရှင်နဲ့ ဆက်ဆံတဲ့အခါ သတိ ထားရပါလိမ့်မယ်။
          တစ်ချို့ လူတွေရဲ့အသံဟာ မာန်ဖီသံပါနေ တတ်ပါတယ်။ ပြောတဲ့စကားလုံးတွေဟာလည်း ဘာလဲ၊ ဘာဖြစ်သလဲ စသဖြင့် ခပ်မာမာရှိနေ တတ်ပါတယ်။ ဒီလိုလူတွေဟာ ဘ၀အခြေအနေ ကောင်းမွန်နေတာကို အကြောင်းပြုပြီး တင်းမာနေ တာမျိုး ဖြစ်တတ်ပါတယ်။
          တစ်ချို့လူတွေရဲ့ အသံဟာ နူးနူးညံ့ညံ့၊ ညင် ညင်သာသာ ရှိပေမယ့် သိပ်ပြီးပျော့လွန်းနေ တတ်ပါ တယ်။ ဒီလိုအသံရှင်တွေရဲ့ဘ၀ဟာသိပ်ပြီး ထူးထူး ခြားခြား မရှိလှပဲ။ လူမှုရေးကိစ္စတွေကို လုပ်တဲ့အခါ မှာလည်း သူတို့က နည်းနည်းကလေး အနာခံပြီး လုပ်တာမျိုးကိုမရရအောင် ရှောင်ရှားလေ့ရှိသူတွေ ပါပဲ။
          လူတစ်ယောက်ရဲ့စကားသံဟာ ပုံမှန်ထွက် တာမျိုး ပိုပြင်ပြီးပြောတဲ့အခါ အမူတွေ၊ အခရာတွေ သိပ်ပါလာယင် ဒီလူဟာယောက်ျားဆိုယင်လည်း ပရိယာယ်ကြွယ်မယ်။ မိန်းမဆိုယင်လည်း ရပြီးရော ဆိုတဲ့ စိတ် ထားမျိုးကို မွေးလေ့ရှိသူ ဖြစ်မယ်။
          တစ်ချို့လူတွေရဲ့အသံဟာ ချိုချိုမြိန်မြိန်ရှိတဲ့ သစ်သီးမှည့်တစ်လုံးကို စားလိုက်ရသလို ကြားရတဲ့ လူအဖို့ထူးထူးခြားခြား ခံစားလိုက်ရတတ်ပါတယ်။ ဒီလူတွေဟာ ဘ၀အခြေအနေ မြင့်မြင့်မားမားရှိပြီး စိတ်သဘောထားကလည်း ကောင်းမွန်ပြည့်ဝနေ တတ်ပါတယ်။
အသံအတွက် ဂုဏ်တက်နိုင်ပါစေလို့…….

Spread The Love, Share Our Article

Related Posts

No Response to "အသံဗေဒင်"

Add Your Comment