၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

တာတေစနေသား

Published on Saturday, March 16, 2013 in


၂၀. ၅. ၁၉၈၀
အမိန့်ချပြီးကတည်းက ကျုပ်အတွက်အချိန် ဟာ ဘာမှအဓိပ္ပာယ်မရှိတော့ဘူးဆိုတာသိပြီးသားပါ။ အောက်ရုံးက တရားမျှတစွာ အမိန့်ချထားတာပဲ။ ဗဟိုကလဲ အောက်ရုံးအတိုင်းပဲ ဆုံးဖြတ်တာပဲပေါ့။
          စကတည်းက အယူခံ မ၀င်ချင်ပါဘူး။ ကျုပ် အတွက် ကျုပ်အသက်ကို မနှမျောပေမယ့် ကျုပ် အပေါင်းအသင်းတွေရယ်။ထောင်မှူးကြီးရယ်နှမျောတယ်ထင်ပါ့။ သူတို့ဘာသာ အယူခံဝင်ပေးကြတယ်။
          ကျုပ်လူ့လောကမှာ အဓိပ္ပာယ်မဲ့ပိုနေရတဲ့ အပြင် ဘာများထူးခြားမှာမို့လဲ။ ဂုံနီလာတိုင်းတော့ လဲ ကျုပ်ကခပ်ပြုံးပြုံးပါ။ တာတေတို့အတွက် မြန်မြန် သေယင် မြန်မြန်ဝဋ်ကျွတ်တာပဲဟာ။ ဟုတ်တယ် ကျုပ်က သိပ်သေချင်နေတာ။
          နောက်ဆုံး အယူခံရှုံးတယ်လို့ ပြောတုန်းက အားလုံး မျက်စိမျက်နှာပျက်နေကြပေမယ့် ကျုပ်က တော့ အိုင်ယာလန်ထီပေါက်သလိုပါပဲ။ ဟုတ်တယ် လေ၊ တာတေဟာ အသက်သာ မသေသေးတာ။ မွေး ကတည်းက ဘ၀ဟာ သေပြီးသားပါ။
          မှန်ပါတယ်။ တာတေ သူတို့သုံးယောက်ကို သတ်ခဲ့တယ်။ တာတေရယ် လွန်တာပေါ့လို့များ မပြောကြတော့ဘူးလား။ တာတေ့ နေရာကနေ လာကြည့်စမ်းပါလေ။ တာတေကို ကိုယ်ချင်းစာကြည့် ကြစမ်းပါ။
          ခလုတ်တိုက်လို ခြေမ ကွဲတာပဲ မြင်တာပါ။ ကျောက်တုံးနာသွားတာကို ဘယ်သူက စာနာကြ လို့လဲ။
          ကျုပ်သတ်လို့ သူတို့လူ့လောကကြီးမှာ မရှိတော့တာအမှန်ပါ။ သူတို့သတ်လို့ မွေးကတည်း က ဘ၀သေနေတာ ဘယ်သူများ ဟယ်……. တာတေလေး သနားပါတယ်ကွယ်လို့ပြောဖော်ရလို့ လဲ။
          ဒီမှာကိုယ့်လူ…..ကျုပ်ပြောပြမယ်။ မှတ်ထား ကျုပ်က စနေသားပါ။ သိတယ်မဟုတ်လား။ စနေပီပီ ထက်တယ်။ မဟုတ်မခံပဲ။ ဒီတော့ တာတေတို့ဆိုး တယ်။ မိုက်ရိုင်းတယ်ဖြစ်သွားရတာပေါ့။
          လောကထဲမှာ ရွံစရာ သတ္တ၀ါတစ်ကောင်လို ၀င်လာခဲ့ရတာက တာတေပါ။ အဘနဲ့ အစ်မတို့က ဘာမှ မပြောကြပေမယ့် သူတို့ သားအဖရော၊ ဆွေမျိုးတွေအားလုံးက တာတေကို ရွံ့ကြကြောက် ကြနဲ့ ရှောင်ကြတယ်။ ကျူပ်မွေးလာလို့ပဲ ဘာဖြစ် တော့မလိုလိုနဲ့။
          ကြည့်……….တာတေ လူဖြစ်လာလို့ မီးမ ထွက်ခင်အဖိုးဟာ လူကြီးရောဂါနဲ့ သေသွားခဲ့တယ်။ သူ့ဘာသာသူအသက်ကြီးလို့သေသွားတာကိုဘယ်သူမှ မပြောကြဘူး။ ကျုပ်ကြောင့် သေရတယ်လို့ပဲ ပြောကြတယ်။
          လောကကြီးမှာ ပြောသမျှပြီးတာ လူကြီးတွေ အတွက်အခွင့်အရေးတစ်ရပ်မဟုတ်လား။ကျုပ်မွေးလာလို့ပေါ့လေ။ကျုပ်ဒဏ်ခံသွားရတာတဲ့။မှည့်နေတဲ့ သစ်သီးသူ့ဘာသာသူ  ကြွေကျတာဟာ သစ်ပင် အောက်မှာ အိပ်နေတဲ့သူရဲ့ အပြစ်တဲ့ဗျာ။ လောက ကြီးက တရားပါတယ်နော်။
          ပြီးတော့ ကျုပ်မွေးပြီးရက်သားလောက်ပဲ ရသေးတယ်။ ရပ်ရွာက လူကြီးတွေက ကျုပ်ဟာ သားဦးစနေဖြစ်တယ်။ ဒါကြောင့် မိဘ ဘိုးဘွားကို ခိုက်မယ်ဆိုပြီး ထင်ရာမြင်ရာတွေ လုပ်ကြတာဗျို့။
          ဟုတ်တယ် သူတို့ကပြောကြတယ်။
-      သားဦးစနေ မီးလိုမွှေတဲ့
-      သားဦးနဂါး ဖျက်ဆီးသွားတဲ့
-      စနေသားဦး မြေမှာလူးကြရသတဲ့
-      သားဦးစနေ ဂြိုဟ်မွေတယ်တဲ့ကျုပ်မှာဖြင့်
လူလိုမှ မမြင်တော့ပဲ သူတို့အားလုံးကို ဒုက္ခပေးဖို့ ရောက်လာကြတဲ့ ဂြိုဟ်ကောင်လေး တစ်ကောင်လို့ မြင်နေကြသလားမသိ။ ထင်နေကြ လားမသိ။
          သားဦးစနေ မီးလိုမွှေ
ဆိုတဲ့စကားလေးဟာ
လူတစ်ယောက်ရဲ့ဘ၀ကို ချေမှုန်းပစ်နိုင်တယ်ဆိုတာ
မသိဘဲနဲ့ အရပ်ထဲမှာ
ဒီလိုလျှောက်ပြောနေတာ
ဘယ်ကောင်းမလဲ
၂၂-၅-၁၉၈၀
ဒါနဲ့ ကျုပ်ဟာ သူတို့အားလုံးကို ဒုက္ခ မပေးနိုင်အောင်နာမ်နိမ့်ရမယ်ဆိုပြီးကျုပ်ကိုယ်ပေါ်ကဓားထမ်းကျော်ကြတယ်။ကျုပ်ကိုသူများဆီ ရောင်းကြ တယ်။ သူများဟာ ဆိုတဲ့သဘောနဲ့ အမေနို့ကို စို့ခွင့်မပေးဘဲသူများနို့တိုက်စေတယ်။နဂါးကိုနိုင်တာ ဂဠုန်ပဲဆိုပြီး ဆင်စွယ် ဂဠုန်ရုပ်ကလေးကို လည်ပင်း မှာ ဆွဲထားစေတယ်။ ကျုပ်အိပ်တဲ့ နေရာရဲ့ ထောင့် ရှစ်ထောင့်မှာနှမ်းဆီနဲ့ဆီမီးထွန်းပေးတယ်။ ကြိုးတစ် ချောင်းကို ကျုပ်ကိုယ်တိုင်းယူပြီး တွင်းတူး မြေမြှပ် စေတယ်။ ကျုပ်လက်ထိပ်ကို အပ်ကလေးနဲ့ ဖောက်ပြီးသွေး ဖောက်ပစ်ကြတယ်။
ကျုပ်ကဖြင့် ရက်သားလေးပဲရှိသေး သူတို့ ရက်ရက်စက်စက် လုပ်လိုက်ကြတယ်။ အဘနဲ့ အမကလဲ ကြောက်တယ်ထင်ပ။ ဘာမှ မပြောကြ ဘူး။
ကျုပ်မွေးပြီး လေးလကြာတော့ အိမ်မှာ မွေးထားတဲ့ နွားတစ်ရှဉ်းဟာ မြွေကိုက်ခံရပြီး သေသွား တယ်။ ဒါလဲ ကျုပ်မွေးလို့ စနေမွေးလို့ စနေနံ ထွက်သွားတာတဲ့။ သူတို့ ဘာသာ ဖဲချိုး သူတို့ ဘာသာဝေ၊ သူတို့ ဘာသာ ရှိုးနေကြတာ ကျုပ်ဘာ သိမလဲ။ ဘာပြောတတ်ဦးမလဲ။
ဇာတ်လမ်းက ဒီမှာတင် ပြီးသွားတာ မဟုတ် ဘူး။ ကျုပ်ငါးနှစ်သားလောက် အမ နောက်ကိုယ်ဝန် ရှိစပြုချိန် အဘဟာ မြို့တတ် ယင်း ကားမှောက်သေ သွားခဲ့တယ်။ အဘိုးသေပြီးတော့ အဖေသေဆိုတော့ လုံးလုံးကြီး ကျုပ်အပြစ်ပဲတဲ့။ မကြာပါဘူးဗျာ။ အမဟာ ကလေးမမွေးနိုင်လို့ အမရောကလေးပါ လူ့လောကထဲက ထွက်သွားရရော။ ကျုပ်ဘ၀မှာ အပြင်းထန်ဆုံး အပြစ်ဒဏ်ကြီးတစ်ခု အပေးခံခဲ့ရ တယ်။
ကျုပ်ဟာ သားဦးစနေထဲမှာ အဆိုးဆုံးတဲ့ ကျုပ်ကို လက်သင့်ခံတဲ့ အိမ်က ခိုက်မှာပဲဆိုပြီး မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း ဘုန်းကြီးကျောင်း မှာ နေခဲ့ရတယ်။
ဒီလောက် ဆွေမျိုးအများကြီး ရှိလျက်နဲ့ ကျုပ်မှာ အရိပ်တစ်နေရာ ကျောတစ်ခင်းစာနေရာ မရခဲ့ပါဘူး။ ကျုပ်အဘပိုင်လယ်တွေ၊ အတွင်းပစ္စည်း အားလုံးကိုလဲ ကျုပ်သတ်ခဲ့တဲ့ ဘဒွေးရယ် ဒွေးလေး ရယ် သူ့သား ငပေါရယ်က အပိုင်းစီးလိုက်ကြတယ်။ သူတို့ကပဲ ကျုပ်ကို ဘုန်းကြီးကျောင်းကို လှည့်ပတ် ပို့လိုက်တာ ဘ၀ပင်စည်ကို လှဲချရုံမက အမြစ်ကိုပါ ခုတ်ပစ်ခြင်းခံရတာပါ။
ကျုပ်အဘရဲ့လယ်တွေ၊ ပစ္စည်းတွေ လိုချင် ဇောနဲ့ ကျုပ်လူတောထဲမတိုးအောင် လုပ်ခဲ့တာကို ကျုပ်ခံသာပါသေးတယ်။ ကျုပ်ရဲ့ ကုသိုလ်ကံပဲလိုပဲ ထားပါတော့။
ကျုပ်ကို မွေးစားတဲ့ ဘုန်းကြီးဟာ အသက် ခုနှစ်ဆယ့်နှစ်နှစ်လောက်မှာ သေသွားတော့ ကျုပ်မှာ နေစရာမရှိတော့ဘူး။ တစ်ရွာလုံးဘယ်သူမှ လက် သင့်မခံကြတာနဲ့ ကျုပ်ကို ရွာတောင်ဘက်ထိပ် သုဿာန်နားက ဘိန်းစားကြီး ဦးသာဝဟာ သနားပြီး မွေးစားခဲ့တယ်။
ကျုပ်ဟာ သေစာရှင်စာတောင် မတတ်ခဲ့ပါ ဘူး။ ဘ၀ကျောင်းကတော့ ကောင်းကောင်းထောင်း လို့ တစ်ကိုယ်လုံးလဲ ပေါင်ဒါမှုန့်ဖြစ်ခဲ့ပါရဲ့။ သြော် စနေ စနေ။
စနေ သားဦးစနေ ဖြစ်ခဲ့ရတာကိုး။ ကျုပ် အသက်နှစ်ဆယ်လောက်ရောက်လာတော့ ကျုပ်ရဲ့ မွေးစားအဖေ ဦးသာဝလဲ သေသွားရှာတယ်။ တစ်ရွာ လုံးရဲ့ အော့ကြောလန် ရွံ့ကြောက်ကြီး အန္တရာယ် ကောင်ကြီး ဘ၀ကို ရောက်မှန်းမသိ ရောက်ခဲ့ရပါ တယ်။
၂၃-၅-၁၉၈၀
ဒါနဲ့ တစ်နေ့
ဟုတ်ပါတယ်။ အဲဒီနေ့ ကျုပ်ပြောချင်တာ အဲဒီနေ့ပါ။ ကျုပ်ဘ၀ရဲ့ ငွေလမင်း ကျုပ်အချစ်ရဲ့ မဘုရား၊ ကျုပ်နှလုံးသားရဲ့ သခင်မ ငွေမှုန်ရယ် ငွေမှုန်ပေါ့။ အားလုံးက ကျုပ်ကို ကြောက်ကြပေမယ့် ငွေမှုန်ကတော့ ကျုပ်ကို မကြောက်ပေါင်၊ မမုန်းဘူး။
မမုန်းတဲ့အပြင် ကျုပ်ကိုတောင်မှ သနားပြီး ချစ်ပါသဗျာ။ ကျုပ်နဲ့ငွေမှုန် ကြိုက်ကြတာ ခြောက်လ လောက်ရောက်တော့ အခုကျုပ်သတ်လိုက်တဲ့ ကျုပ် ရဲ့ဘဒွေးဆိုတဲ့ အကောင်ကြီးက သူ့သားငပေါ အတွက် ငွေမှုန်ကိုလာစေ့စပ်တယ်။
ကျုပ်အဘရဲ့ ပစ္စည်းတွေကို အချောင်ဝင် သိမ်းရုံမက ကျုပ်ရဲ့ အသည်းနှလုံးကိုပါ အပိုင်းစီးဖို့ ကြိုးစားကြသကိုး။ တိုတိုပဲပြောတော့မယ်။ ငွေမှုန် အဘကလဲ ချမ်းသာတာလာတော့ ၀မ်းသာကြတာ ပေါ့။ သူတို့စေ့စပ်တာကို လက်ခံကြတဲ့နေ့ဟာ ကျုပ် ဘ၀တစ်ခုလုံး မီးမြိုက်ခံရတဲ့နေပါပဲ။
ဒါပေမယ့်ငွေမှုန်ကသတ္တိတော့အရှိသား။ကျုပ်နောက်လိုက်မတဲ့။ ကျုပ်အတွက်ကလဲ မထူးတော့ ဘူးလေ။ ကျုပ်အဖို့ ချစ်ဦးသူနဲ့ကွဲပြီး မင်းဘာ လုပ်မလဲ၊ မင်းဖူးသူနဲ့တွဲပြီး အငတ်ခံမလားဆိုယင် ကျုပ်က မဟာကမ္ဘာမှာ အခါတစ်ရာ အငတ်ခံရုံမက အသက်ပါ ခံဝံ့သူပါ။
ခိုးပြေးဖို့ စဉ်းစားနေတုန်းမှာ ကျုပ်ဘဒွေး နွားကြီးဆီ ဘယ်လိုသတင်းပေါက်ကြားသွားသလဲ မသိဘူး။ သူတို့ မိသားတစ်စုလုံး ဒေါသူပုန်ထပြီး ကျုပ်နေတဲ့ ရွာထိပ်က သုဿန်ဆီလာပြီး ကျုပ်ကို ပါးနားရိုက်ကြ၊ ဆူကြ၊ ဆဲကြပေါ့။ ပွက်ပွက်ကို ညံရော။ ဘာပြောကောင်းမလဲ။ သူတို့သား ငပေါက  ကျုပ်ကို သတ်မလို့တဲ့။ ငှက်ကြီးတောင် ဓားကြီး ဆွဲလာတယ်ဗျို့။
ကျုပ်သူတို့ကို ဘာဖြစ်လို့ သတ်လိုက်လဲ သိလား။ ခွေးဟာ ချေးပဲစားပါတဲ့၊ ထောပတ်စားယင် ကြည့်လို့မကောင်းပါဘူးတဲ့။ မိမစစ် စဏ္ဍာလသားတဲ့ အဲဒီစကားတစ်ခွန်းကြောင့် ကျုပ်လဲ မျက်စိထဲဘာမှ မမြင်တော့ပဲ ကျုပ်ဘ၀တစ်ခုလုံးကို ခွေးစားစား ကျီးစားစား လုပ်ခဲ့တဲ့ ဒီနွားမိသားစုကို သူ့သား ယူလာတဲ့ ဓားနဲ့ပဲခုတ်ပစ်လိုက်တော့တာပေါ့။
ဘ၀ကို ယူတယ်၊ မြေကိုယူတယ်၊ ရွှေကို ယူတယ်၊ နောက်ဆုံး ကျုပ်ရဲ့နှလုံးသားနဲ့ ကျုပ်ရဲ့ သိက္ခာကိုယူတဲ့ ဒီခွေးမျိုးတွေကို တစ်သက်စာ အတွက် တစ်ရက်စာနဲ့ လက်စားချေလိုက်တာ ၀မ်းသာလိုက်တာပဲ။ ကဲ ကျုပ်ဘာများလွန်လို့လဲ။ လူသတ်တာအပြစ်လား။ လူသတ်လို့ ကြိုးစင်ပေါ် တက်ရမယ်ဆိုယင် စိန်အိုးစည်အကနဲ့ တက်ပြလိုက် ပါဦးမယ်။ ပေးယင် တစ်ကြိုးထဲတော့ မပေးပါနဲ့။ ငါးကြိုးလောက်ပေး။ ဒါမှတော်ကာကျမှာ။ ဟင်း တကယ်ပါ။
၂၅-၅-၁၉၈၀
          တကယ်ပါ ကျုပ်ကိုယ်ကျုပ် တစ်ခါတစ်ခါ စဉ်းစားကြည့်တယ်။ ကျုပ်သာ သားဦးစနေ မဖြစ်ခဲ့ ယင် အခုအချိန်မှာ တိုက်နှစ်ထဲ ရောက်ပါ့မလား။ ကျုပ်ဟာ အခြားနေ့သား တစ်ခုခုဖြစ်ခဲ့ယင် ဒီအချိန် မှာ ဘ၀တစ်ခုကို လှလှပပဖန်တီးခွင့် ရပြီပေါ့။ ကျုပ် စနေသားဖြစ်ခဲ့လို့သာကျုပ်ဘ၀ပျက်ရတာ မဟုတ် လား။ ကိုယ့်ဘ၀ကို မုန်းတီးမိတာ ဘာဆန်းသလဲဗျာ ဟင်။
          အမယ် ပြောရဦးမယ်။ ဗေဒင်ဆရာဆိုတဲ့ အကောင်တွေ တော်တော်ပေါတဲ့ အကောင်တွေပဲ။ ကြည့် သူ့ဘာသာသူ အမှီအတွယ်မရှိ ကိုယ့်ဒုက္ခနဲ့ ကိုယ် အလုပ်များနေရှာတဲ့ ဂြိုဟ်တွေကိုများ အရေး တယူလုပ်လို့၊ ကျုပ်တို့ရဲ့ ကံကောင်းခြင်း ဆိုးခြင်း ဟာ ဂြိုဟ်တွေက လွှမ်းမိုးတာတဲ့။
          ဂြိုဟ်စီးလို့တဲ့၊ဂြိုဟ်ပူးလို့တဲ့၊ ဂြိုဟ်မြင်လိုတဲ့၊ ကဲစီးတော့ကော ဘာဖြစ်သတုန်း။ ပူးတော့ကော ခွာနေရုံပေါ့။ မြင်တော့လဲကြည့်နေရုံပေါ့။ မဟုတ်ဘူး လားဗျာ။ သူတို့ကို ကြောက်ပြီး ကျုပ်ကိုရှောင်နေ ရဦးမှာလားလို့။
          ကျုပ် အမှုစစ်နေတုန်း ကျုပ်အဆောင်(၁)မှာ နေခဲ့ရတယ်။ ထောင်ဆိုတာက မတစ်ရာသားစုံတဲ့ နေရာပဲ။ ဗေဒင်ဆရာကောလက္ခဏာဆရာပါစုံပါ့ဗျာ။
          ကျုပ်တို့ထောင်ထဲက ဗေဒင်ဆရာ တွေက တော့ သူတို့ကံကြမ္မာသာ သူတို့မသိတာ သူများ ကံကြမ္မာကိုတော့ တယ်ဟောချင်ကြသကိုး။ အပြင် က ဗေဒင်လက္ခဏာဆရာတွေကိုမှ ငွေပေးပြီး မေးရ ဦးမယ်။ အထဲမှာတော့ အားလုံးအခမဲ့ပဲဗျို့။
          ကျုပ် ထောင်ထဲရောက်တော့ ဗေဒင်ဆရာ တွေရော လက္ခဏာဆရာတွေဟာ ကျုပ်အနားမှာ ၀ိုင်းကိုလည်လို့ ရွှေကျား ပျံမကုန်ပဲ ဗေဒင်မေးလို့ ရတဲ့နေရာ ကမ္ဘာပေါ်မှာ ထောင်ထဲမှာပဲ ရှိတယ် ထင်ပ။
          ကျုပ်က ဗေဒင်ယုံတဲ့ကောင်မှ မဟုတ်တာ။ အားကိုးတဲ့ကောင်လဲမဟုတ် ဗေဒင်ဆိုတာကြီးရှိလို့။ ဂြိုဟ်တွေရှိလို့သာ ကျုပ်သာစနေသားဆိုပြီး သမုတ် ခံရလူ့စည်းအပြင်ဘက် ရောက်ခဲ့ရတာပေါ့။
၂၆-၅-၁၉၈၀
          ကျုပ်တို့ အဆောင်က ဗေဒင်ဆရာ တစ် ယောက်ဟာ ကျုပ်ကိုပြောတယ်။ ဒီမှာကိုတာတေ ခင်ဗျားဘ၀မှာ ဆင်းဆင်းရဲရဲနေရတာတွေ၊ ဒုက္ခ အမျိုးမျိုးရောက်တာတွေ၊ အခုလို လူသတ်မှုဖြစ်ရတာ အမှုဖြစ်ရတာတွေ အားလုံးဟာ အရိုးစွဲပြီးအသေမှတ် နေတဲ့ ခင်ဗျားစနေသားဖြစ်ရတာနဲ့ ဘာမှမဆိုင်ဘူး ခင်ဗျားထင်သလို သားဦး စနေသား ဖြစ်လို့လဲ မဟုတ်ဘူး။
          နေ့ရက်လို့ သတ်မှတ်လို့သာ စနေတို့ တနင်္ဂနွေတို့ တနင်းလာတို့ဖြစ်လာရတာ။ နေထွက် တဲ့အရပ်က အရှေ့အရပ်မဟုတ်ဘူးဗျာ။ လူတွေက အရှေ့အရပ်လို့ သတ်မှတ်ထားတဲ့ နေရာက        နေထွက်တာသာ ဖြစ်တယ်။ သတ်မှတ်ချက် အားလုံး ဟာ ပညတ်ပဲဖြစ်တယ်။ ပရမတ်မဟုတ်ဘူး။
          နေ့ဟာ ကံကြမ္မာနဲ့ ဘာမှမဆိုင်ဘူး။ ဘယ်လိုမှလဲ ကောင်းတာ။ ဆိုးတာတွေ့ လုပ်မပေး နိုင်ဘူး။ ဘာမှလဲ အရေးမကြီးဘူး။ သက်သက်အရူး ဘုံမြောက် ခြိန်းခြောက်ထားတာပါ။ ကဲ ခင်ဗျား စဉ်းစားကြည့် -
          နေ့ရက်တွေမသတ်မှတ်ကြသေးတဲ့ကျောက်ခေတ်မှာသာ ခင်ဗျားမွေးတယ်ဆိုပါစို့။ ခင်ဗျားစနေ သားဆိုတာ ဖြစ်ဦးမလား။
          စကားတစ်ခု ဟောင်းသွားယင် ကောင်းတာ မကောင်းတာအပထား။ ရှားပါးပစ္စည်း တစ်ခုဖြစ်သွား တာပဲ။ ရှားတဲ့ပစ္စည်းဖြစ်တာနဲ့အလိုလိုတန်ဖိုးတက် သွားကြတယ်လေ။ စကားဟောင်းတိုင်းကောင်းတယ် ထင်ပြီး သဘာဝယုတ္တိ၊ အဂမယုတ္တိရှိမရှိ မစဉ်းစား တော့ပဲ မျက်စိစုံမှိတ်ယုံတဲ့ သူတွေအများသားပါ။
          ကိုတာတေရဲ့ ဇာတာကိုကြည့်၊ ခင်ဗျားဘ၀ မှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးဟာ စနေကြောင့် မဟုတ်ဘူး။ သန္ဓေပါကံကြမ္မာဖြစ်တဲ့ မူလ ကံကြောင့် ပါ။
၁။       ကြကဋ်၊ ဗြိစ္ဆာ မိန်စန်းတွေဟာ ဂဏ္ဍစန်းတွေ ဖြစ်တယ်။ ငယ်ငယ်မှာ ချူချာတယ်။ မိဝေးဖဝေးနေရ မယ်။ ကိုယ့်ကြောင့်မိဘတွေ ပူပန်ကြောင့်ကြဗျာပါဒ ရောက်တာတွေ ဖြစ်စေတယ်။
၂။       စန်းနဲ့ ရာဟု ပူးထားတဲ့သူဟာ အမှားအမှန် ကို ဝေဖန်လေ့မရှိဘူး။ ဇွတ်လုပ်တတ်တယ်။ ဒေါသ ကြီးတယ်။ မဟုတ်မခံ စိတ်ရှိတယ်။ တစ်ခါတစ်ခါ စိတ်ရှုးပေါက် တတ်တယ်။ ရက်ရက်စက်စက် လုပ်ဝံ့တယ်။
၃။       စန်းကို စနေမြင်ထားတာဟာ သွေးအေးအေး နဲ့ လက်စားချေတတ်တာပဲ။ လောကကြီးကို အရွဲ့ တိုက်တတ်တာပဲ။
၎။       လဂ်နဲ့ တနင်္ဂနွေ၊ သောကြာ (အပြန်အလှန် ရန်သူနှစ်ယောက်) ပူးနေလို့ ဘ၀တစ်ခုမှာ ပင်ပန်း နေမယ်။ အမြဲတမ်း ကျိုးစားနေရမယ်။ အခွင့်အရေးရ ယင်လဲ ရန်သူများတဲ့အခွင့်အရေးပဲ ဖြစ်နေမယ်။
၅။       စနေဥစ်မူတာဟာ ဘ၀မှာ အမြဲတမ်းလုပ်နေ ရမယ်ဆိုတာ ထန်းတက်လက်မှတ်၇ထားတာပဲ။
၆။       သောကြာဥစ်မူတဲ့အတွက်တော့ ဒုက္ခတော ထဲမှာ ကယ်မယ့်သူ အမြဲတွေ့ရမယ်။ ဒါပေမယ့် လဂ်နဲ့ ဥစ်သောကြာပူးတော့ ကိုယ် တကယ်ချစ်တာ ကို စွန့်ရပြီး ဘ၀အတွက် အချစ်ကို အရင်းအနှီး လုပ်ရတာပဲ။
၇။       ၆တန့်သခင် (တနင်္ဂနွေ)နဲ့ ၈တန့်သခင် (သောကြာ)တို့ လဂ်နဲ့ပူးတွဲအတွက် ဘ၀တစ်ခုလုံး ရန်သူတွေကြားမှာ နေသွားတတ်ပါတယ်။
၈။       လဂ်သခင် ကြာသပတေးကို ၂တန့်၊ မာရက သခင် အင်္ဂါနဲ့ ၁၂တန့်သခင် စနေမြင်တဲ့အတွက် ဘ၀မှာ ကြီးကျယ်တဲ့ ပြဿနာတစ်ရပ်၊ အရှက်ကွဲ ခြင်းတစ်ရပ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အမှုဖြစ် ရတာပါ။
          တစ်ခြားပြောစရာတွေက အများကြီးပါ။ ဒါပေ မယ့် ခင်ဗျားကို ကျုပ်တစ်ခုပြောမယ်။ ခင်ဗျား ကြိုးမိန့်မကျဘူး။ လုံးဝကြိုးစင်ပေါ် တက်ရမယ့်ကံ မပါပါဘူး။
          ကျုပ် ကျုပ်ရယ်ချင်လိုက်တာ။ ကျုပ်မပြုံးပဲ ၀ါလုံးကွဲ ရယ်မိပါတော့တယ်။ လူသုံးယောက်ကို ညက်ညက်ကြေအောင် ခုတ်ထစ် သတ်ဖြတ်ခဲ့တဲ့ သူကို ကြိုးစင်ပေါ်မတက်ရဘူးတဲ့။ ဘာလဲ တရား သူကြီးက သနားတော်မူလို့ ကဲ အိမ်ပြန်တော့လို့ ပြောမှာတဲ့လား။ ဒီကောင် ရှုးနေပြီ ထင်တယ်။
          ဟုတ်တယ် ကိုတာတေ ခင်ဗျားထောင်ကျ ချင်ကျမယ်။ ဒါပေမယ့် ကြိုးစင်ပေါ်တက်ရမှာတော့ မဟုတ်ဘူး။ ခင်ဗျားမှာ အသက်ရှည်တဲ့ဇာတာပါပြီး ကြိုးဒဏ်သင့်တဲ့ ကံမပါလို့ပဲ။
          ခင်ဗျားဇာတာမှာ ၈တန့်၊ ကာရက စနေ ဂြိုဟ်ဟာ ၈တန့်မှာ ဥစ်မူပြီးရပ်နေတာ။ ၂တန့် ကာရက ကြာသပတေးနဲ့ ၈တန့်ကာရက စနေသာ လျှင် သူတို့ကာရက ပြုတဲ့အိမ်မှာ ရပ်ခွင့်ပေးတာ။
          ၈ တန့် ကာရက စနေ ၈တန့်မှာ အားရှိစွာ ရပ်ယင် အသက်ရှည်တယ်လို့ဇာတာက စနြ္ဒိက ကျမ်း၊ ဘာဝတ္တရတနာဏရကျမ်း၊ ဗြို့ဟဇ်ဇာတကွ ကျမ်းတွေက ဆိုထားတယ်။
          ပြီတော့ ကြိုးပေးခံရတဲ့ ယုဂ်တွေကို ဗြိုဟဇ် ဇာတာကရယ်၊ ဟိတဇာတကရယ်၊ မဟာသုဇာတာ ကရယ်၊ ဗြိုဟဇ်သံဟိတရယ်၊ သာရ၀လီကျမ်းတွေမှာ အတိအကျ ပြောထားပြီးသားပါ။ ဗေဒင်သာသရ ကျမ်း စာပိုဒ် ၉၀နဲ့ ၁၀၀မှာလည်း အပြတ်သား ဆုံးပြောထားပါတယ်။
          ကြိုးပစ်ခံရတဲ့ယုဂ်များ (အလယ်တန်း-၂)
၁။       မကာရရာသီနဲ့ ကုမ်ရာသီမှာ စန်းရှိပြီး ပါပ ဂြိုဟ်ညှပ်ထားယင် ကြိုးပေးခံရတယ်။
၂။       ၅တန့်နဲ့ ၉တန့်မှာ ပါပဂြိုဟ်နှစ်လုံးပူးပြီး ရပ်တာပို သောမဂြိုဟ်တလုံမှ မမြင်ယင် အချုပ်ခံရပြီး ကြိုးပေးခံရမယ်။

Spread The Love, Share Our Article

Related Posts

No Response to "တာတေစနေသား"

Add Your Comment